USAID

August 7, 2020

USAIDအဖွဲ့၏ မြန်မာပြည်ဆိုင်ရာဒါရိုက်တာ ထရီဆာမက်ဂွိုင်းနှင့် ဒီဗွီဘီမေးမြန်းချက်

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူသားချင်းစာနာမှု ကူညီပေးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ USAID အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ Mission Director မစ္စ ထရီဆာမက်ဂွိုင်းကတော့ မြန်မာနိုင်ငံမှာ  ၂၀၁၆ ခုနှစ် ဇူလိုင်လကတည်းက စတင်ကာ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာဝန်ကပြီးဆုံးလို့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ USAID အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေလုပ်ကိုင်ခဲ့တယ်။ ဘာတွေအောင်မြင်ခဲ့တယ်။ ဘာတွေဆက်လက်လုပ်ဆောင်ဖို့ ကျန်နေသေးတယ်စတာတွေနဲ့ ပတ်သက်ပြီး မစ္စ ထရီဆာမက်ဂွိုင်းကို  ဒီဗွီဘီ သတင်းဌာနရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ  ဦးတိုးဇော်လတ်က  မေးမြန်းထားပါတယ်။ မေး- USAIDအနေနဲ့ မြန်မာပြည်မှာ လုပ်ကိုင်ဆောင်ရွက်နေတာတွေ တော်များများရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊  စီးပွားရေးအခွင့်အလန်း၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေလည်းရှိတယ်။ ဆိုတော့ အားလုံးကို ခြုံပြီးပြောရင်  USAID ရဲ့ မြန်မာနိုင်ငံနဲ့ ဆက်စပ်ပတ်သက်မှုက ဘာလဲ။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဘာတွေပေါက်မြောက်အောင်မြင်ခဲ့သလဲ။ အဓိက စိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။    ဖြေ- “ဟုတ်တာပေါ့။ USAID အနေနဲ့ မြန်မာပြည်မှာ စီးပွားရေးကိစ္စတွေ နောက်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိစ္စတွေကို မြန်မာပြည်သူတွေကနေတဆင့် ထဲထဲဝင်ဝင် ဆောင်ရွက်နေပါတယ်။ ဒီလုပ်ဆောင်ချက်တွေထဲက အကောင်းဆုံးတခုကတော့ မြန်မာနိုင်ငံမှာ တစ်နှစ် ခန့်မှန်းခြေ ဒေါ်လာသန်း ၁၅၀ လောက် ကျမတို့ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာကို ပြောရမယ်ထင်ပါတယ်။ ဒီငွေတွေဟာ ချေးငွေမဟုတ်ပါဘူး။ ကူညီထောက်ပံ့ငွေပါ။ ဒီရန်ပုံငွေတွေကို အစိုးရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးတွေနဲ့ပတ်သက်တဲ့  သုတေသနနဲ့ လေ့လာဆန်းစစ်မှုတွေမှာသုံးတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကိစ္စတွေ၊  အသေးစားချေးငွေလုပ်ငန်းတွေအတွက် ပိုမိုတံခါးဖွင့်ပေးဖို့ကိစ္စတွေမှာသုံးတယ်။ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလူတွေရရှိအောင်၊  အထူးသဖြင့် အရင်က ဘေးဖယ်ခံထားရသူတွေ အတွက်ကျမတို့ ကူညီထောက်ပံ့တယ်။ တောင်သူလယ်သမားတွေအတွက် သီးနှံတွေ အထွက်တိုးအောင်၊ ဈေးကွက်ရရှိအောင်လည်း ကူညီပါတယ်။ ဒါမှ သူတို့ရဲ့ ဝင်ငွေတိုးလာပြီး တကယ်ဆို ပြည်ပကို တောင် ပိုမိုတင်ပို့နိုင်မှာပါ။” “နောက်ပြီးတော့ ကျမတို့  အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အမှီအခိုကင်းတဲ့ လွတ်လပ်တဲ့မီဒီယာတွေကိုလည်း ကူညီထောက်ပံ့ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်မှာ အရမ်းကိုအရေးကြီးတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ နောက်ပြီး လွတ်လပ်ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲအတွက်လည်း ကျမတို့ ပံ့ပိုးကူညီပေးပါတယ်။ ”  မေး- မြန်မာနိုင်ငံမှာ အထူးသဖြင့်  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပေါ့လေ။ ရွေးကောက်ပွဲ ကိစ္စဆိုလို့ သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမှာပေါ့လေ။   USAID အနေနဲ့ မြန်မာပြည်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများ ထူးထူးထွေထွေကူညီပေးပါသလဲ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့  အရေးအကြီးဆုံးအရာတွေက ဒီနိုင်ငံမှာ ဘာတွေဖြစ်မလဲ။  ဖြေ- “ကျေးဇူးပါ။ ဒါသိဖို့ အရေးကြီးတယ်လို့ ကျမထင်ပါတယ်။ ကျမတို့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေအားလုံးမှာလည်း ထောက်ပံ့ကူညီပေးခဲ့တယ်။ ဆိုတော့ ရွေးကောက်ပွဲမှာ ကူညီပေးတာတွေက ဆက်လုပ်နေတယ်။ အများယုံကြည်လက်ခံတဲ့၊ လွတ်လပ်၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကျင်းပနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)ကို သူ့ရဲ့ စွမ်းဆောင်ရည်မြင့်တက်လာဖို့အတွက် ကျမတို့ ကူညီထောက်ပံ့ပေးတယ်။ ဒီအကူအညီက ၂၀၁၅ ကတည်းကနေ ဆက်လုပ်နေတယ်။” “မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်မဲပေးကြမယ့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ သန်းလောက်ရှိတယ်ဆိုလို့ ကျမတို့ စိတ်လှုပ်ရှားတက်ကြွရပါတယ်။ သူတို့ဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန် ခုအချိန်မှာ အသက် ၁၈ နှစ်ပြည့်တဲ့သူတွေဖြစ်ပါတယ်။ နယ်တွေမှာတော့ ပွဲတွေကျင်းပပြီး ဒီလူငယ်တွေနဲ့ ဆက်စပ်ဆောင်ရွက်တယ်။ အထူးဖြင့် ကိုဗစ်မတိုင်ခင်ကပေါ့။ လူငယ်တွေလာရောက်နိုင်တဲ့ နေရာတွေမှာ နိုင်ငံတဝန်းလှည့်ပြီး ပွဲတွေကျင်းပတယ်။ အဲဒီနေရာမှာ လူငယ်တွေစုပြီး   မဲပေးတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အတွေ့အကြုံရအောင်လုပ်ပေးတယ်။ သူတို့ ပထမဆုံးအကြိမ်မဲပေးတဲ့အခါ ပြင်ဆင်နိုင်အောင်ပေါ့။” “နိုင်ငံရေးပါတီတွေအတွက်လည်း စွမ်းရည်မြှင့်တင်ဖို့ ကျမတို့ကူညီပေးပါတယ်။ နိုင်ငံရေးပါတီအားလုံးအတွက်ပေါ့။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကိုလည်း ကျမတို့ ကူညီပေးတာပေါ့။ သူတို့ရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါတယ်လေ။ နောက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကိုလည်း ကူညီပါတယ်။” မေး- မြန်မာပြည်မှာ ၂၀၁၅ ကတည်းက ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ကိစ္စတွေ ဆောင်ရွက်နေ တယ်ဆိုတော့၊ ခုနပြောခဲ့သလို ကျနော်တို့ဆီမှာ ပထမဆုံးအကြိမ်မဲပေးမယ့်သူ ၅ သန်းရှိမယ်။ မဲပေးပိုင်ခွင့်ရှိသူ ၃၇ ဒသမ ၅ သန်းမှာ ၁၅ သန်းလောက်က အသက် ၃၀ အရွယ်တွေဆိုတော့၊ ကျနော်တို့ရဲ့ မဲဆန္ဒရှင်တွေက တော်တော်ငယ်တယ်လို့ပြောရမှာပေါ့။ ရွေးကောက်ပွဲမှာ လူငယ်တွေ၊ နောက်ပြီးအမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုက ဘာကြောင့် အရေးကြီးပါသလဲ။ USAID အနေနဲ့ အမျိုးသမီးအစီအစဉ်တွေ အတော်များများလည်း လုပ်နေတယ်။ လူငယ်တွေရဲ့ ပါဝင်မှု နောက်တော့ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ခေါင်းဆောင်မှုက အထူးသဖြင့် ရွေးကောက်ပွဲမှာ ဘာကြောင့် အရေးပါ ပါသလဲ။   ဖြေ- “ သေချာတာပေါ့။ လူငယ်တွေနဲ့ ပတ်သက်ပြီး အရင်ပြောရရင်  လူငယ်တွေဟာ မြန်မာပြည်ရဲ့ အနာဂတ်ဖြစ်တယ်။ လူငယ်တော်များများဟာ မြန်မာပြည်က နိုင်ငံတကာနဲ့ အရမ်းကိုပိတ်ထားတဲ့ အချိန်၊ အာဏာရှင်အစိုးရအုပ်ချုပ်တဲ့ ပြင်ပကမ္ဘာနဲ့ တံခါးပိတ်ထားတဲ့အချိန်မှာ   ကြီးပြင်းလာတာ ကျမတို့မြင်တွေ့ရတယ်။ ၂၀၁၀  ပြန်စဖွင့်လိုက်တဲ့အချိန်အထိသူတို့ တကယ်လုပ်ခွင့်မရခဲ့ဘူး။  အဲဒီအချိန်ကျမှ မြန်မာလူငယ်တွေဟာ ဘာတွေဖြစ်နိုင်လဲဆိုတာ စပြီးမြင်နိုင်ကြတာ။  ဒါကြောင့် အရေးကြီးတယ်လို့ ကျမထင်ပါတယ်။ တကယ်တော့ ပထမဆုံးအကြိမ် မဲပေးခဲ့တဲ့ လူတစ်ယောက်ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ ဆက်လက်ပြီး မဲပေးကြတဲ့ သာဓက ရှိတယ်။ ဒါကြောင့် မဲပေးပိုင်ခွင့်ရှိတဲ့ လူငယ်တွေ ပထမဆုံးအကြိမ်ထွက်ပြီး မဲပေးဖို့ အရေးကြီးပါတယ်။ သူတို့ ဒါကို စိတ်အားထက်သန်ဖို့ လိုတယ်လို့ ကျမတို့ ထင်ပါတယ်။ ”  “ နိုင်ငံတိုင်း  ခေါင်းဆောင်မှုအပိုင်းမှာ  အမျိုးသမီးတွေပါဝင်ကြပါတယ်။ ဒါဟာ  ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါပါတယ်၊ ဒီမိုကရေစီမှာ အရေးပါပါတယ်။ ဒါပေမဲ့ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ ခရီးရှည်ကြီးဆက်ရဦးမှာပါ။  ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက်  အမှန်တကယ် လမ်းဖွင့် ပေးဖို့ပေါ့။ မဲပေးရာမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ မြင်တွေ့ရတာ ဝမ်းသာပါတယ်။ ကျမတို့ ဒါကို ထပ်ပြီးတွေ့ရဖို့ ရှိပါတယ်။ နိုင်ငံရေးပါတီတွေအားလုံးက သူတို့ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေမထုတ်ပြန်ရသေးဘူးလို့ ကျမထင်တယ်။ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ မျှော်လင့်ပါတယ်။” “ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပိုမိုပါဝင်ဖို့လည်း ကျမတို့ ပံ့ပိုးကူညီပေးပါတယ်။ အမျိုးသမီးတွေ ပါဝင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ် ပိုပြီးအောင်မြင်တာ ကျမတို့ သိတယ်။ စီးပွားရေးမှာလည်း အမျိုးသမီးစွန့်ဦးတီထွင်သူတွေ အတော်များများကို ကျမတို့ ကူညီပေးခဲ့ပြီး သူတို့ အောင်မြင်လည်း အောင်မြင်ကြတယ်။ ဒါကြောင့် ယေဘုယျ အားဖြင့် ဖွံ့ဖြိုးတိုးတက်မှုမှာ အမျိုးသမီးတွေပါဝင် ရင်ပိုအောင်မြင်တယ်။”    မေး- မြန်မာပြည်ရဲ့ ရွေးကောက်ပွဲအကြာင်းပြောနေတယ်။ အမေရိကန်မှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လေ။ အစိုးရသစ်ပြောင်လဲခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ကိစ္စတွေရော အပြောင်းအလဲရှိမလား။ အမေရိကန်မှာ ဘယ်အစိုးရပဲ တက်လာတက်လာ  မပြောင်းလဲဘဲ ဆက်သွားမလား။ ဖြေ- “အတိတ်ကိုပြန်ကြည့်ရင် အမေရိကန်မှာ ဘယ်ပါတီအနိုင်ရရ မြန်မာပြည်သူတွေကို အားပေးထောက်ခံမှုကတော့ အပြောင်းအလဲမရှိ ဆက်သွားတာမြင်ရတယ်။  ပြောင်းလဲလိမ့်မယ်လို့ ကျမ မထင်ပါဘူး။ ကွန်ဂရက်လွှတ်တော်ကရော အစိုးရကပါ အခိုင်အမာထောက်ခံပါတယ်။ ဒီအခြေအနေကနေ ရှေ့မှာ အခြေခံကျကျ ရှေ့တိုးနောက်ဆုတ် ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ပါဘူး။   အမေရိကန်အနေနဲ့ အတော်အတန်အရေးပါတဲ့ နိုင်ငံတွေ   ယေဘုယျအားဖြင့်တော့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပိုမိုဆက်ဆံလုပ်ကိုင်လိုပါတယ်။ မြန်မာနိုင်ငံကလည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ အမေရိကန်ပို့ကုန်ရဲ့ လေးပုံတစ်ပုံဟာ အာဆီယံကို ပို့တာဖြစ်တယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဟာ  ကျမတို့အတွက် အရမ်းကိုအရေးပါတယ်လို့ ရှုမြင်ပါတယ်။”  မေး- ကောင်းပါပြီ ဒါဆို အမေရိကန်မှာ အစိုးရပြောင်းခဲ့ရင်တောင် မြန်မာနိုင်ငံနဲ့ လုပ်ဆောင်နေတာ တွေအတွက် စိုးရိမ်စရာမရှိဘူးပေါ့။ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေ  အားကောင်းလာဖို့နဲ့ ပတ်သက်ပြီး ကျနော့်မှာ နောက်ထပ် မေးစရာ မေးခွန်းရှိပါတယ်။ ဒါတွေအားကောင်းလာအောင်  USAID ကလည်း အချိန်အတော်ကြာကြာ ဆောင်ရွက်ပေးခဲ့တာရှိတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ဘာတွေအောင်မြင်ခဲ့သလဲ။ မြန်မာနိုင်ငံမှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့မီဒီယာတွေ  အားကောင်းလာဖို့ ဘာတွေပိုပြီး မျှော်လင့်လဲ။ ဖြေ- “ မီဒီယာတွေနဲ့ ပတ်သက်ပြီး ကျမတို့ အရင်တုန်းက အပြည့်အဝ ပံ့ပိုးကူညီထောက်ပံ့ပေးခဲ့တာ သိမယ်ထင်ပါတယ်။ ဒါပေမဲ့ ကျမတို့ မီဒီယာတွေ တကယ့်ကို အမှီအခိုကင်းကင်းနဲ့ ရေရှည်ရပ်တည် နေတာ မြင်တွေ့ချင်ပါတယ်။ မီဒီယာတွေဟာ  အလှူရှင်တွေအထောက်အပံ့နဲ့  အမြဲတမ်းရပ်တည်နေတာမျိုး ကျမတို့ မလိုချင်ပါဘူး။” “အထူးကိစ္စရပ်တွေ သတင်းရေးသားပေးပို့တာနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ကျမတို့သင်တန်းဖွင့်လှစ် သင်ကြားပေးတာ တွေရှိပါတယ်။ ဥပမာတစ်ခုကတော့ ကျန်းမာနဲ့ပတ်သက်ပြီး ဘယ်လို သတင်းရေးရမယ်ပေါ့။  ကိုဗစ်နဲ့  ပတ်သက်တဲ့ သတင်းမှားတွေနဲ့ သတင်းမှန်တွေကိစ္စတွေ လွတ်လပ်တဲ့မီဒီယာတွေမှာ လုပ်နေတဲ့သတင်းထောက်တွေ အများအပြားကို သင်တန်းတွေပေးခဲ့တယ်။ ကျမတို့ သင်တန်းပေးခဲ့တဲ့ သတင်းထောက်တွေ ရေးတဲ့သတင်းအတော်များများကိုဖြန့်ဝေခဲ့တယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီးလည်း ဘယ်လို သတင်းရေးရမယ်ဆိုတာကို သင်တန်းပေးခဲ့တယ်။ အစိုးရက ပြောင်းဖို့ ဒါမှမဟုတ် ပြုပြင်ဖို့ စဉ်းစားနေတဲ့ စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေအနေနဲ့ ဒီလိုရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို လူတွေအားလုံးသိရှိနားလည်အောင်ဘယ်လို သတင်းထုတ်ရမလဲ ဆိုတာမျိုးတွေပေါ့။ နောက်သတင်းထောက်တွေအတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ အများကြီးပေါ့ သူတို့ လွတ်လွတ်လပ်လပ်၊ မှန်မှန်ကန်ကန်နဲ့ သတင်းပေးပို့နိုင်ဖို့လိုအပ်တဲ့ အရာတွေကို ပံ့ပိုးကူညီပေးပါတယ်။”  မေး- အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ရော ဘယ်လို အထောက်အပံ့တွေပေးလဲ။ မြန်မာ နိုင်ငံမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာတာမြင်ရဖို့ ဘာတွေ မျှော်လင့်နိုင်မလဲ။  ဖြေ- “မြန်မာပြည်က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ကျမ တကယ့်ကို အထင်ကြီးမိပါတယ်။ အဖွဲ့အစည်းတွေဟာ Advocacy တကယ့်ကိုကောင်းကောင်း လုပ်ကြတယ်။ အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေလုပ်တယ်။ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အစိုးရအကြားမှာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ကြတာကျမတို့ ပိုပြီး မြင်တွေ့ချင်ပါတယ်။” “ကျတို့လုပ်ခဲ့တဲ့ နမူနာတစ်ခုကို ပြောပြချင်ပါတယ်။ နှစ်အနည်းငယ်လောက်က နေပြည်တော်မှာ အရပ်ဖက်အဖွဲ့အစည်းသင်တန်း ကျမတို့လုပ်တယ်။ သတင်းထောက်တွေကို မတူတဲ့အကြောင်းအရာသုံးခု ရွေးခိုင်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အတူကွင်းထဲမှာ အတူတူ အလုပ်လုပ်စေတယ်။ ပြီးတော့ တကယ့်လွှတ်တော်အမတ်တွေကိုခေါ်လာပြီး အရပ်ဖက်အဖွဲ့အစည်းတွေ ပြောတာကို နားထောင်ခိုင်းတယ်။ တကယ်တော့ ဒါဟာ သူတို့ကို  အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ဖို့ အခွင့်အရေးပေးလိုက်တာပါ။  လွှတ်တော်မှာ မဆွေးနွေးခင်ပေါ့။ ဒါကို ကျမတို့ သင်တန်းအဖြစ် လုပ်ခဲ့တယ်။ ဒါမှ သူတို့ ဒီလိုလုပ်ဖို့  အခွင့်အလန်းတွေပိုရမယ်လို့ မျှော်လင့်တယ်။ လွှတ်တော်အမတ်တွေလည်း  သူတို့ အတွက် သတင်းအချက်အလက်သိရမယ်လို့  ကျမထင်တယ်။”  မေး-  ကျနော့်ရဲ့ နောက်ဆုံးမေးခွန်းကတော့ လူသားချင်းစာနာမှုအကူအညီနဲ့ ပတ်သက်တာပါ။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေက အတော်လေးများတယ်။ အိုင်ဒီပီတွေ ဒုက္ခသည်တွေလည်း တိုးလာနေတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာပေါ့။ သူတို့ အတွက်  အထူးသဖြင့် လူသားချင်းစာနာမှုအကူအညီတွေ ဘာတွေလုပ်ပေးနေသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးလုပ်ဖို့ ဘာတွေ မျှော်လင့်နိုင်မလဲ။ ဖြေ- “ဒီကိစ္စကို ပြောဖို့ အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူတွေက လူသားချင်းစာနာမှုအကူနဲ့ ပတ်သက်ပြီးစဉ်းစားရင် ရခိုင်ကိစ္စကို စဉ်းစားလေ့ရှိတယ်။ ဒါက ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ကျမတို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာလည်း လူသားချင်းစာနာမှု အကူအညီတွေ ပေးပါတယ်။” “အကြမ်းအားဖြင့် မြန်မာနိုင်ငံမှာ အိုင်ဒီပီ ၃ သိန်းလောက်ရှိတယ်။ အခြေခံလိုအပ်ချက်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ လိုအပ်နေသူတွေက  သူက ၁ သန်း နီးနီးရှိတယ်။  ဒါကြောင့် ကျမတို့ မကြာသေးခင်ကပဲ အများကြီး အကူအညီတွေပေးခဲ့တယ်။ ကျမပြောခဲ့တဲ့  လူသားချင်းစာနာမှုအကူအညီ တနှစ်ကို ဒေါ်လာ သန်း ၁၅၀ ပေးတဲ့အထဲက  ဒေါ်လာ သန်း ၃၀လောက်ကူညီပေးခဲ့တယ်။ အကူအညီတွေကတော့ အစားအစာ၊ အဟာရ၊ ရေနဲ့ မိလ္လာ၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်ရယ် နောက်ပြီးတော့ လူမှုအကာအကွယ်ပေးတာတွေ အများစုကတော့ အိုင်ဒီပီ ၃ သိန်းအတွက်ပေးတာပေါ့။”  “ဒါ့အပြင် ကိုဗစ်တခုတည်းအတွက်လည်း နောက်ထပ်  ဒေါ်လာ ၆ သန်း ထပ်ထည့်ကူညီပေးပါတယ်။ အဲဒါကတော့ အထူးသဖြင့် အိုင်ဒီပီစခန်းကလူတွေအတွက်ပေါ့။ ကိုဗစ်ကို ဘယ်လို ကာကွယ်ရမယ်၊ လက်ကိုသေသေချာချာ ဘယ်လိုဆေးရမယ်။ ခပ်ခွာခွာနေရမယ် စတာတွေအားလုံး  သတင်းစကားပါးဖို့ပေါ့။ နောက်ပြီးတော့ ရေနဲ့ မိလ္လာလုပ်ငန်းတွေပေါ့၊ ဒါဟာ ကိုဗစ်ပျံ့နှံ့မှုကို တားဆီးဖို့ တကယ့်ကို အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တာကြောင့်ပါ။ နောက်ပြီး ကျမတို့ တကယ့်ကို လုပ်ချင်တဲ့အရာတခုကတော့ အိုင်ဒီပီစခန်းတွေမှာ ကိုဗစ်မဖြစ်စေရေး သေချာအောင် ကျန်းမာရေးစောင့်ရှောက်မှုပေးတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာသာ ကိုဗစ်ဖြစ်လို့ကတော့  ကပ်ဘေးဆိုက်သွားနိုင်ချေရှိလို့ပါ။”     မေး-ကျနော့်ရဲ့ နောက်ဆုံးမေးခွန်းက မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားတဲ့အခါမှာ ဘာကို အမှတ်အရဆုံး ဖြစ်မလဲ။ ဖြေ- “ ပြည်သူတွေပေါ့။  ကျမပထမဆုံး သတိရမှာ။  ကျမ ဒီမှာ မိတ်ဆွေအ ပေါင်းအသင်းကောင်းတွေ အများကြီးပဲ။ ကျမ ဒီကလူတွေနဲ့ အလုပ်လုပ်ရတာ အရမ်းကို သဘောကျ နှစ်သက်တယ်။ ကျမတို့ အတူအလုပ်လုပ်ခွင့်ရတဲ့ တခြားအဖွဲ့အစည်းတွေရောပေါ့။ ရွှေတိဂုံဘုရားကြီးကိုဖူးမြင်ရတဲ့ မြင်ကွင်းကို အမှတ်ရနေမှာပါ။ ပင်လယ်ကမ်းခြေတွေကို သတိရတယ်။ ပြီးတော့ ဒီနိုင်ငံမှာ ရှိတဲ့ မတူကွဲပြားခြားမှုတွေပေါ့။” “ကျမသတင်းစကားတခု ချန်ထားခဲ့ရမယ်ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာက မိုးခေါင်ရေရှား တစိတ်တပိုင်းရှိနေတယ်။ သာယာလှပတဲ့ နေရာတွေအများကြီးရှိတယ်။ ဆိုတော့ အနာဂတ်အတွက် ရေရှည်ခံအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့  အမှန်တကယ် စဉ်းစားသင့်တယ်။ ” ကျေးဇူးအများကြီးတင်ပါတယ်။
9 months Ago

March 19, 2020

မြန်မာနိုင်ငံတွင် COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရန် USAID က ဒေါ်လာ ‌၁ ဒသမ ၈ သန်း ကူညီ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအင်ဂျင်စီ (USAID)က  အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ကူညီထောက်ပံ့ထားတယ်လို့ ရန်ကုန်ရှိအမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။  အဆိုပါအကူအညီထဲက ဒေါ်လာ ၇ သိန်းကို မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် အသင့်ပြင်ဆင်နိုင်ရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ပေးအပ်ထားပြီး ဒေါ်လာ ၆ သိန်းကို မြန်မာနိုင်ငံတွင်း အချိန်နဲ့တပြေးညီ ကျန်းမာရေးဆိုင်ရာ အသိပညာဖြန့်နေပေးနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကို ပေးအပ်ထားလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဒါ့အပြင် သတင်းစကားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေဖြန့်ဝေဖို့အတွက်  ဒေါ်လာ ၅ သိန်းကိုလည်း USAID’s Breakthrough Action စီမံကိန်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Save the Children နဲ့ Johns Hopkins Center for communications programs တို့ကို ပေးအပ်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။  ဒါ့အပြင် ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနဲ့ မြန်မာကျန်းမာရေးဝန်ထမ်းတွေကို အသိပညာ‌ပေးခြင်းလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရာမှာ ရောဂါပိုးကို သေချာစွာ  သတိထားစောင့်ကြည့်နိုင်ရေးအတွက် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) မှာလည်း နည်းပညာအကူအညီတွေ ပေးအပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။  USAID မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပံ့ပိုးပေးထားသော ရန်ပုံငွေတွေထဲကနေ  မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၇၀၀၀၀၀ ကိုလည်း ရယူ အသုံးပြုနိုင်ဖို့ အကြောင်းကြားစာရရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထာပါတယ်။ မတ်လ ၁၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ COVID-19 ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြင်ဆင်ဆောင်ရွက်မှု အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ ဒါ့အပြင် GAVI- the Vaccine Alliance ရဲ့ Health system strengthening – 2 ရန်ပုံငွေမှ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းကိုလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ကြောင်း အကြောင်းကြားလာတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံရှိ ဆေးရုံတွေမှာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ အမြန်ဆုံးဆန်းစစ်လုပ်ဆောင်ဖို့၊ နေရပ်စွန့်ခွာရသူတွေ ခေတ္တနေထိုင် ရာစခန်း (IDP Camp)တွေမှာ  ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်းဝန်ကြီးကတိုက်တွန်း ထားပါတယ်။
1 year Ago
Up