UNCHR

A d v e r t i s e m e n t With Us

December 21, 2020

ထိုင်းတော်ဝင်မိသားစု လက်စွဲဥပဒေပြင်ရန် UNHRC ဆော်ဩ

ထိုင်းနိုင်ငံမှာ လတ်တလောသီတင်းပတ်တွေအတွင်း အသက် ၁၆ နှစ်ထိ ငယ်သူ တစ်ယောက်အပါအဝင် တက်ကြွလှုပ်ရှားသူ ၃၅ ယောက်ထက် မနည်းကို ဖမ်းရာမှာ သုံးတဲ့ တော်ဝင်မိသားစုကို အသရေဖျက်မှုဥပဒေကို ပြင်ဆင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ကြီး UNHRC က ဆော်သြလိုက်ပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ကို စော်ကားမှုကို တားမြစ်ပိတ်ပင်တဲ့ ဒီဥပဒေ နဲ့ တခြားရာဇဝတ်မှု ဆိုင်ရာ စွဲချက်တွေကို ဆန္ဒပြသူတွေအတွက် သုံးနေတာကို ထိုင်းအစိုးရက ရပ်သင့်ပြီလို့ UNHRC က ပြောပါတယ်။ ဒီလိုလုပ်ရပ်တွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ပြောပါတယ်။  လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ခွင့်တို့နဲ့ ကိုက်ညီအောင် တော်ဝင်မိသားစုတွေကို ကာကွယ်တဲ့ဥပဒေကို ပြင်ဆင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ချဲ ဘာချေးလက်ရဲ့ ရုံးက ကြေညာချက် ထုတ်ပြန်ပြီး ထိုင်းအစိုးရကို ဒီဇင်ဘာ ၁၈ ရက်က တိုက်တွန်းခဲ့ပါတယ်။  ထိုင်းအစိုးရကတော့ ဒီအရေးနဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ ကြေညာချက်ကို အရင် သုံးသပ်ဖို့ လိုတယ်လို့ ပြောပါတယ်။ ဇူလိုင်လက စပြီး လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲဟာ ကနဦးမှာတော့ ထိုင်းဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရေးနဲ့ အခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် တောင်းဆိုခဲ့တာပါ။  နောက်ပိုင်းမှာတော့ တော်ဝင်ဘဏ္ဍာရေးနဲ့ စစ်တပ် တပ်ရင်းတချို့ကို ထိန်းချုပ်ဖို့ ဘုရင်ကို အခွင့်အရေးပေးထားတဲ့ အပြောင်းအလဲကို ပြန်ပြင်ဖို့နဲ့ အခြေခံဥပဒေမှာ ဘုရင်က ပိုပြီး တာဝန်ခံဖို့ စတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆန္ဒပြသူတွေက ဆော်သြခဲ့ကြပါတယ်။
2 months Ago
Up