UFC ပြိုင်ပွဲကို သဘောမကျဟု  အောင်လအန်ဆန်းပြော

November 20, 2019

UFC ပြိုင်ပွဲကို သဘောမကျဟု  အောင်လအန်ဆန်းပြော

ကမ္ဘာ့နံပါတ် ၁ ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ UFC ထက် ONE Championship က အဘက်ဘက်မှာသာလွန်နေတာ တွေ့ခဲ့ရလို့ UFC ကိုသဘောမကျဘူးလို့ အောင်လအန်ဆန်းက ရန်ကုန်မြို့ ‌အမေရိကန်စင်တာမှာ ဒီကနေ့ပြုလုပ်တဲ့ လူငယ်များနဲ့ စကားပြောခြင်း အစီအစဉ်မှာ ပြောကြား လိုက်ပါတယ်။ အဲ့ဒီပွဲမှာ လူငယ်လေးတစ်ဦးရဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ UFC နာမည်ကြီး မက်ဂရီဂေါတို့လို ဖိုက်တာတွေနဲ့ထိုးသတ်ဖို့ရှိမလားဆိုတဲ့မေးခွန်းကို အောင်လအန်ဆန်းက သူ့တို့ရဲ့ ပေါင်ချိန်က ဘယ်လောက်လဲလို့ ဟာသနှော ပြန်လည်မေးမြန်းခဲ့ပြီးတော့ UFC ကို သဘောမကျရတဲ့ အကြောင်းရင်းကို ဆက်လက်ပြောပါတယ်။ UFC ဟာ ကမ္ဘာမှာ လူစိတ်‌၀င်စားမှုအများဆုံး MMAပြိုင်ပွဲ ဖြစ်ပြီးတော့ ပွဲပေါင်း ရာနဲ့ချီကျင်းပထားနိုင်ခဲ့ပေမယ့် ကစားသမားချင်း လေးစားမှုအပိုင်းမှာ ONE Championship နဲ့ ကွာခြားတယ်လို့ပြောပါတယ်။ ဒါ့အပြင် ONE Championship ဟာ ပြိုင်ပွဲတခုတည်းထက်ပိုပြီး အဓိပ္ပါယ်ရှိတာကြောင့်မကြာခင်အချိန်မှာ UFC ထက်ကြည့်ရှုသူ ပိုများလာမယ်လို့ထင်ကြောင်း ပြောကြားသွားပါတယ်။ အောင်လအန်ဆန်းအနေနဲ့ သူ့ရဲ့သားဖြစ်သူ ONE Championship ကြည့်နေပြီဆိုရင် စိတ်ချပေမယ့် UFC ပွဲကို ကြည့်နေရင်ဒါမှမဟုတ် အဲ့ဒီက အနိုင်ရတဲ့ ဖိုက်တာတစ်ယောက်အောင်ပွဲ ခံနေတာကို သားဖြစ်သူ ကြည့်နေမိပြီဆိုရင်စိတ်ပူပန်မိတယ်လို့ ဆိုပါတယ်။‌  ဒါ့အပြင် ONE Championship နဲ့ ၁၀ ပွဲ ထိုးသတ်ဖို့စာချုပ်ချုပ် ထားတာကြောင့် သူ့ရဲ့ပွဲတွေကို မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။‌  အောင်လအန်ဆန်းဟာ လက်ရှိ လက်ဒဏ်ရာမသက်သာသေးလို့ အနားယူရဦး မှာ ဖြစ်တာကြောင့် နောက်ထပ် ၄ လလောက်အကြာမှပဲ သံဇကာကွင်းထဲမှာ ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။
3 years Ago
Up