ပြီးခဲ့တဲ့လ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့ အထူးရှိုးပွဲတခုကို အိုင်ယာလန် ရော့ခ်ဂီတ၀ိုင်းဖြစ်တဲ့ U2 က ဒီဇင်ဘာ ၆ ရက်နေ့ ပါရီမြို့တော်မှာ ကျင်းပခဲ့ပါတယ်။
ပါရီမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ခင်ကတော့ အောက်တိုဘာ ၁၄၊ ၁၅ ရက်နေ့တွေမှာ U2 အဖွဲ့က ရှိုးပွဲ ၂ ပွဲ ပါရီမြို့တော်မှာလုပ်ဖို့ စီစဉ်ခဲ့တာပါ။
တိုက်ခိုက်မှုတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပြီး အခုမှ ကျင်းပဖြစ်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ညက အမေရိကန် ရော့ခ်ဂီတ၀ိုင်းတခုဖြစ်တဲ့ Eagles of Death Metal အဖွဲ့က ရှိုးပွဲကျင်းပနေတုန်း ဘာတယ်ကလွန် (Bataclan) ခန်းမထဲ အကြမ်းဖက်တွေ ၀င်ရောက်ပစ်ခတ်လို့ အဲ့ဒီမှာတင် လူ ၈၉ ဦး သေဆုံးခဲ့ပြီး ပါရီတိုက်ခိုက်မှုတွေအတွင်း လူသေဆုံးမှု အများဆုံးနေရာ ဖြစ်ခဲ့တာပါ။
ဒီဇင်ဘာ ၆ ရက်နေ့က U2 အဖွဲ့ ရှိုးပွဲလုပ်ခဲ့တဲ့ AccorHotels မှာလည်း လုံခြုံရေး အထူးတင်းကျပ်ခဲ့ပါတယ်။
U2 အဖွဲ့ခေါင်းဆောင် ဘိုနိုက “ဒီညတော့ ကျနော်တို့အားလုံးဟာ ပါရီမြို့သားတွေ ဖြစ်ကြတယ်၊ တကယ်လို့ လွတ်လပ်မှုကို ချစ်မြတ်နိုးတယ်ဆိုရင် ပါရီမြို့တော်ဟာ ကျနော်တို့ရဲ့ မြို့တော်ဖြစ်တယ်လို့” ရှိုးပွဲမစခင် ပရိသတ်တွေကို ပြောဆိုခဲ့ပါတယ်။
ပါရီအကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့သူတွေ အားလုံးရဲ့ နာမည်တွေကို ရှိုးပွဲအတွင်း ပြင်သစ်အလံနောက်ခံနဲ့ ဖန်သားပြင်မှာ ရေးသားဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့မှာ U2 ရဲ့ ဒုတိယရှိုးပွဲတပွဲကို ကျင်းပဖို့ စီစဉ်ထားပြီး နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်ခံရတဲ့ Eagles of Death Metal ရော့ခ်ဂီတ၀ိုင်းလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
ပါရီမြို့ခံတွေကတော့ အခုလို ရှိုးပွဲတွေကျင်းပတာ ပါရီမြို့တော်ဟာ အကြမ်းဖက် တိုက်ခိုက်ခံရပေမယ့် ပါရီရဲ့ နဂိုရှိပြီး အဓိပ္ပာယ်၊ အနှစ်သာရတွေအတိုင်း အပြုသဘောဆောင်ပြီး ရှေ့ကို မားမားမတ်မတ် ဆက်လက်ချီတက်မယ်ဆိုတာကို ရဲရဲဝံ့ဝံ့ ပြသတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
7 years Ago