အင်တာနက်လူမှုကွန်ရက်တခုဖြစ်တဲ့ တွစ်တာက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းကစပြီး အစွန်းရောက်၊ အကြမ်းဖက်မှုအားပေးသွေးထိုးတဲ့ တွစ်တာအကောင့် ၁၂၅၀၀၀ ကျော်ကို ပိတ်ထားလိုက်တယ်လို့ Twitter ကပြောဆိုပါတယ်။
ဒီအကြမ်းဖက်အားပေးအားမြောက် အကောင့်တွေဟာ အိုင်အက်စ် အကြမ်းဖက် တပ်ဖွဲနဲ့ အဓိကပတ်သက်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Twitter လူမှုကွန်ရက်က ပြောဆိုပါတယ်။
တွစ်တာက အကြမ်းဖက်အားပေးတဲ့ post တွေ၊ ပုံတွေ၊ အချက်အလက်တွေကို တင်လိုက်တာနဲ့ အမြန်ဆုံးစိစစ်ပြီး ကာကွယ်တာဆီးတဲ့ လုံခြုံရေးအဖွဲ့တွေကိုလည်း တိုးချဲ့ထားပြီး တွစ်တာဟာ အကြမ်းဖက်မှုကို ဆန့်ကျင်ရှုတ်ချတယ်လို့ တွစ်တာရဲ့ ကြေညာချက်က ဆိုပါတယ်။
လက်ရှိမှာ ကမ္ဘာတ၀န်း တွစ်တာအကောင့် သုံးစွဲသူအားလုံး သန်း ၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရအပါအ၀င် ကမ္ဘာ့နိုင်ငံအစိုးရတွေဟာ အကြမ်းဖက်မှုကို အားပေးတဲ့၊ အကြမ်းဖက်မှု သွေးထိုးလှုပ်ဆော်တဲ့လုပ်ရပ်တွေကို အထူးသတိထား စောင့်ကြည့်ပြီး ထိထိရောက်ရောက် ကာကွယ်ဟန့်တားဖို့ Twitter နဲ့ Facebook လို အင်တာနက်လူမှုကွန်ရက်တွေကို သတိပေးတောင်းဆိုနေတာပါ။
5 years Ago