Train to Busan

June 26, 2020

နာမည်ကြီးTrain to Busan နောက်ဆက်တွဲရုပ်ရှင် Peninsula ဇူလိုင် ၁၅ ရုံတင်မည်(ရုပ်ရှင်နမူနာ)

ပရိသတ်တွေ မျှော်လင့်နေကြတဲ့ နာမည်ကြီး ကိုရီးယားဇွမ်ဘီရုပ်ရှင် Peninsula ကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့ ရုံတင်ပြသသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ Train to Busan ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာခဲ့တာပါ။ အခုလ အစောပိုင်းတုန်းကတော့ ဒီရုပ်ရှင်ကားထဲမှာပါဝင်တဲ့ ဒါရိုက်တာတွေ၊ သ ရုပ်ဆောင်တွေက ဒီကားနဲ့ ပတ်သက်ပြီး အွန်လိုင်းသတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ Train to Busan ရုပ်ရှင်ကားဟာ ကူးစက်ပြန့်ပွားလွယ်တဲ့ အင်းဆက်ပိုးကနေတဆင့် ဖြစ်ပွားလာတဲ့ ရောဂါကြောင့် လူသားတွေအဖြစ်ကနေ ဖုတ်ကောင်တွေ ဖြစ်လာခဲ့ကြတဲ့အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Yeon Sang-ho က ရိုက်ကူးထားတာဖြစ်ပြီး သရုပ် ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Gong Yoo၊ Jung Yu-mi နဲ့ Ma Dong-seok တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ကန့်သတ်ထားတဲ့ အချိန်ကာလ အပိုင်းအခြားတခုမှာ ဒါပြီးရင် ဘာတွေဆက်ဖြစ် လာမဆဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ရှုစားခဲ့ကြရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ ဒီကားရဲ့ နောက်ဆက်တွဲရုပ်ရှင် Peninsula ကိုလည်း ပရိသတ်တွေက ရုံမတင်ခင်ကတည်းက စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာပါ။ အခုရုပ်ရှင်ကားသစ်ကိုတော့ အရင်ကားကို ရိုက်တဲ့ ရုပ်ရှင်ဒါရိုက်တာ Yeon Sang-ho ကပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် Gang Dong-won ၊ Lee Jung-hyun နဲ့ Lee Re တို့က ပါဝင်လာပါတယ်။ ၂၀၁၆ ထွက်ရုပ်ရှင် Train to Busan ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၈ ဒ ဿမ ၅ သန်း အကုန်အကျခံရိုက်ကူးခဲ့ပြီး Box office မှာတော့ အမေရိကန်ဒေါ်လာ ၉၈ ဒဿမ ၅ သန်း ပြန်လည်ရရှိခဲ့တာမို့ စံချိန်တင်အောင်မြင်တဲ့ ရုပ်ရှင်ကားတကား ဖြစ်လာခဲ့တာပါ။ နောက်ဆက်တွဲရုပ်ရှင် Peninsula ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံရိုက်ကူးထားတာမို့ ဒီရုပ်ရှင်ကရော အချိန် ၄ နှစ်အကြာ အရင်ရုပ်ရှင်ကားထက် ရုံတင်ဝင်ငွေစံချိန်ချိုးနိုင်ပါ့မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ Train to Busan ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက နာမည်ကြီးရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ Midnight Screenings အနေနဲ့ ပြသခဲ့ရပြီး နောက်ဆက်တွဲရုပ်ရှင် Peninsula ကိုလည်း အခုနှစ်ရဲ့ Official Selection အနေနဲ့ ပြသဖို့ ဖိတ်ခေါ် ခံထားရပါတယ်။
11 months Ago
Up