The Witches

October 7, 2020

မင်းသမီး အဲန်းဟက်သဝေးကို စုန်းမတယောက်အဖြစ် ရှုစားရမည့် The Witches ရုပ်ရှင် (နမူနာ)

ဟောလိဝုဒ်နာမည်ကြီး မင်းသမီးတလက်ဖြစ်တဲ့ အဲန်းဟက်သဝေးကို စုန်းမတယောက်အနေနဲ့ ရှုစားကြရမယ့် The Witches ရုပ်ရှင်ကို အခုလထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ Dark Fantasy Comedy အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ဝါရင့် ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာကြီး  Robert Zemeckis က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Warner Bros. Pictures ကနေ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Robert Zemeckis  ဟာ ၁၉၈၄ ခုနှစ်ထွက် Romancing the Stone ကစလို့ Back to the Future ရုပ်ရှင်စီးရီးစ်တွေ၊ ဟောလိဝုဒ်စတား တွမ်ဟန့်ခ်စ်ပါဝင်တဲ့ Forrest Gump ရုပ်ရှင်၊ နောက်ပိုင်းနာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Cast Away ၊ Beowulf ၊ The Polar Express ၊ Contact ၊ Flight စတဲ့ ရုပ်ရှင်တွေကို ဖန်တီးရိုက်ကူးခဲ့သူ ဖြစ်ပါ တယ်။ The Witches ရုပ်ရှင်ကတော့ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်က ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကို အသစ်တဖန် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်နှောင်းပိုင်းကာလကို အခြေတည်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ ၇ နှစ်အရွယ် ကောင်လေး ဘရူနိုနဲ့ အဖွားဖြစ်သူတို့ဟာ နယ်မြို့လေးတမြို့ကို ပြောင်းရွှေ့ နေထိုင်ချိန်မှာ ကြုံတွေ့ရတဲ့ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေနဲ့အတူ စုန်းကဝေ  အတတ်ပညာတွေ၊ စွန့်စားမှုဖဲန်တစီဇာတ်မြူးရုပ်ရှင်ကားတကားအနေနဲ့ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေကို မုန်းတီးတဲ့ အင်အားအကြီးဆုံး စုန်းမကြီးအုပ်စုနဲ့ ရင်ဆိုင်ရပြီး ကြွက်တွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ လွတ်မြောက်အောင် ဘယ်လိုကြိုးစားကြမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုတွေအပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့တဲ့ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသမီး အဲန်းဟက်သဝေး က စုန်းမတယောက်နေရာက ထူးထူးခြားခြား ခေါင်းဆောင်ပါဝင်ထားခဲ့ပြီး လူမည်းသရုပ်ဆောင်မင်းသမီး အော့တေးဗီးယားစပဲန်ဆာ၊ မင်းသားကြီး စတဲန်လေတုချီတို့က အတွဲညီညီ ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကားဒိုင်ယာလော့ဂ်တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ The Witches ရုပ်ရှင်ကား Trailer ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်း ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေပါတယ်။ လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကမ္ဘာတလွှားရုပ်ရှင်ရုံတွေကို ပိတ်ထားရတာမို့ ဒီကားကို HBO Max ကနေ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ကာ streaming ပြသသွားမယ်လို့ ကြေညာထားပါတယ်။
7 months Ago
Up