The Irishman

October 29, 2019

အိုင်းရစ်ချ်-အမေရိကန် လက်မရွံ့ကြေးစား လူသတ်သမား Frank Sheeran အကြောင်းရုပ်ရှင်- The Irishman(နမူနာ)

ရာဇဝတ်ပြစ်မှုဆိုင်ရာ အထုပ္ပတ္တိဒရာမာအမျိုးအစားရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Irishman ရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာတော့ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။ ဒီကားကိုတော့ Netflix မီဒီယာကော်ပိုရေးရှင်းကနေ တင်ဆက်လိုက်တာဖြစ်ပြီး The Aviator, The Wolf of Wall Street စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဝါရင့်ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Martin Scorsese က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်စုံထောက် စာရေးဆရာ Charles Brandt ရဲ့ I Heard You Paint Houses စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကတော့ အိုင်းရစ်ချ်-အမေရိကန် လက်မရွံ့ကြေးစား လူသတ်သမား Frank Sheeran အကြောင်းကို ရိုက်ကူးထားခဲ့တာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး ၂ ယောက် ဖြစ်တဲ့ Robert De Niro ၊ Al Pacino တို့က ခေါင်းဆောင်ပါဝင်ထားပြီး ဘယ်လို အလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက်ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။  ထူးခြားတာကတော့ ဒီရုပ်ရှင်ကားဟာ ကြာမြင့်ချိန် Duration ၃ နာရီခွဲလောက်ရှိပြီး လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့တာပါ။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က  နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ New York Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျုးမှုတွေလည်း ရရှိထားပါတယ်။
2 years Ago
Up