The Hurricane Heist

March 7, 2018

စွန့်စားခန်းကြိုက်သူများအတွက် The Hurricane Heist ရုပ်ရှင်ဇာတ်ကား ရုံတင်တော့မည်

လှုပ်လှုပ်ရှားရှား စွန့်စားရတာကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် The Hurricane Heist လို့ အမည်ရတဲ့ ရုပ်ရှင်ကား မကြာခင် ရုံတင်ဖို့ ရှိနေပါတယ်။ ဒီကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ နာမည်ကြီး The Fast and The Furious ရုပ်ရှင်ကား ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rob Cohen ဖြစ်ပြီး ကြည့်ကိုကြည့်သင့်တဲ့ Action/Adventure အမျိုးအစား ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ အမေရိကန်နိုင်ငံရဲ့ ငွေထုတ်လုပ်တဲ့ ပင်ရင်းဘဏ္ဍာတိုက် ဖြစ်တဲ့ (U.S Mint) ကနေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ (Movieinsider မှာတော့ ၁၀၂ သန်း) ကို Category 5 အဆင့်ရှိတဲ့ ဟာရီကိန်းမုန်တိုင်းကြားထဲကနေ ခိုးထုတ်ယူဖို့ ကြိုးစားခဲ့ကြတဲ့ ဓားပြအုပ်စုကို တားဆီးတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အမေရိကန် သရုပ်ဆောင်မင်းသမီး Maggie Grace နဲ့ ဗြိတိန်မင်းသား Tobby Kebbell တို့က ဦးဆောင်ပါဝင်ထားပြီး သေနတ်တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြတဲ့ ကြမ်းကြမ်းတမ်းတမ်းပြကွက်တွေ ပါဝင်တာကြောင့် အသက် ၁၃ နှစ်အောက် ကလေးတွေကို ကြည့်ရှုခွင့် ပိတ်ထားတဲ့ PG-13 ဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်။ သေစေနိုင်လောက်တဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ဓားပြအုပ်စုရဲ့ ငွေတွေကို ခိုးထုတ်ယူမယ့် အစီအစဉ် ပျက်သွားစေခဲ့တဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ။ သူတို့ကိုတားဆီးဖို့ ကြိုးစားကြမယ့် မိုးလေဝသပညာရှင်နဲ့ ဘဏ္ဍာတိုက်မှ Treasure Agent တို့နဲ့ တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ကားကောင်းတကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာတဝန်းက ရုပ်ရှင်ရုံတွေမှာ မတ်လ ၉ ရက်နေ့က စပြီး ရုံတင်ပြသဖို့ ရှိနေပါတယ်။ ရုပ်သံဖိုင်တွင် ဇာတ်ကား နမူနာ ကြည့်ရှုနိုင်ပါသည်။
4 years Ago
Up