The Gentleman ရုပ်ရှင်

January 17, 2020

Crazy Rich Asians စတား ဟင်နရီဂိုးလ်ဒင်းပါဝင်သည့် အက်ရှင်ဇာတ်မြူးရုပ်ရှင်-The Gentlemen(နမူနာ) 

ဝင်ငွေစံချိန်တင်ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Crazy Rich Asians ရုပ်ရှင် နဲ့ လူသိများလာတဲ့ သရုပ်ဆောင်မင်းသား ဟင်နရီဂိုးလ်ဒင်းပါဝင်ထားတဲ့ The Gentlemen ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ပေါ့ပ်စတား အဆိုတော်မက်ဒေါနားရဲ့ ခင်ပွန်းဟောင်း တယောက်လည်းဖြစ် Sherlock Holmes ရုပ်ရှင်စီးရီးစ်တွေ၊ မနှစ်က ရုံတင်ပြသခဲ့ပြီး အောင်မြင်ခဲ့တဲ့ Aladdin ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဒါရိုက်တာ Guy Ritchie က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ STX Films က ဖြန့်ချိပေးသွားမှာပါ။ ရာဇဝတ်ပြစ်မှုဆိုင်ရာ Action Crime Comedy အမျိုးအစား ရုပ်ရှင်ကားတကား ဖြစ်တဲ့ ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကျော် မူးယစ်ရာဇာတယောက်က သူ့ရဲ့ အင်အား ကြီးမားပြီး အမြတ်အစွန်းများတဲ့ အင်ပါယာလုပ်ငန်းစုကို အမေရိကန်နိုင်ငံ၊ အိုကလာ ဟိုးမားပြည်နယ်ထဲက ဘီလျံနာတွေကို ရောင်းချဖို့ ကြိုးစားတဲ့ အကြောင်းကို ရှုစားကြရမှာဖြစ်ပြီး ဘယ်လိုအချိုးအကွေ့ အချိတ်အဆက်တွေ၊ ထင်မှတ်မထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဟင်နရီဂိုးလ်ဒင်းနဲ့အတူ တခြားနာမည်ကျော်ဟောလိဝုဒ်သ ရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Matthew McConaughey ၊ Charlie Hunnam ၊ Michelle Dockery ၊ Jeremy Strong ၊ Eddie Marsan ၊ Colin Farrell ၊ Hugh Grant စတဲ့ သရုပ် ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ မူးယစ်ဆေး ဝါးနဲ့ ဆိုင်တဲ့ ပြောစကား Dialog တွေ၊ မြင်ကွင်းတွေက အသက် ၁၇ နှစ်အောက် ကလေး ငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.1 အထိ ရရှိထားတဲ့ ရုပ်ရှင်ကား ကောင်းတကားဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နိုင်ငံမှာ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး ရုံတင်ပြသသွားမယ်လို့ ကြော်ငြာထားပါတယ်။
1 year Ago
Up