The Aeronauts

December 3, 2019

ရွှေကမ္ဘာလုံးဆုရှင်မင်းသား အက်ဒီရက်မိန်းပါဝင်သည့် စွန့်စားမှုအသားပေး အတ္ထုပ္ပတ္တိ ဒရာမာရုပ်ရှင် -The Aeronauts (နမူနာ)

စွန့်စားမှုအသားပေး အတ္ထုပ္ပတ္တိ အက်ရှင်ဒရာမာ အမျိုးအစားရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဟောလိဝုဒ်ရုပ်ရှင် - The Aeronauts ကို လာမယ့် ဒီဇင်ဘာလ ၆ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ War and Peace ရုပ်သံဇာတ်လမ်းနဲ့ နာမည်ကြီးတဲ့ ဗြိတိန်ရုပ်ရှင် ဒါရိုက်တာ Tom Harper က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Mandeville Films နဲ့ FilmNation Entertainment ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ၂ ခုပူးပေါင်း တင်ဆက်လိုက် တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ရွှေကမ္ဘာလုံးဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ The Theory of Everything ၊ The Danish Girl စတဲ့ ရုပ်ရှင်တွေနဲ့ ထင် ရှားတဲ့ ဗြိတိန်သရုပ်ဆောင်မင်းသား Eddie Redmayne နဲ့ Like Crazy ရုပ်ရှင်နဲ့ လူ သိများပြီး The Theory of Everything မှာ မင်းသား Redmayne နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Felicity Jones တို့က အတွဲညီညီ ခေါင်းဆောင်ပါ ဝင်ထားကြတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီကားထဲမှာတော့  Jones က မိုးပျံပူဖောင်းမောင်းနှင်ပျံသန်းမယ့် Amelia Wren အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး Redmayne ကတော့ သိပ္ပံပညာရှင် James Glaisher အဖြစ် သရုပ်ဆောင်ထားကြတာပါ။  သူတို့ နှစ်ယောက်ဟာ ဘယ်သူတဦးတယောက်မှ မရောက်ရှိနိုင်သေးတဲ့ ကောင်းကင်ယံ အမြင့်တခုအထိ မီးပုံးပျံစီး ပျံသန်းခဲ့ကြပြီး အံ့အားသင့်စရာ ရှာဖွေတွေ့ရှိမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် ကောင်းကင်လေထု အမြင့်တနေရာ ရောက်လာချိန်မှာ ထင်မှတ်မထားတဲ့ အခက်အခဲ ပြဿနာတွေရင်ဆိုင်ခဲ့ကြရပြီး လွတ်မြောက်အောင် ကြိုးစားကြတာတွေကို စွန့်စားမှုအသားပေး ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်း ပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Telluride Film Festival နဲ့ Toronto International Film Festival တွေမှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားခဲ့တာပါ။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒီကားကို ဘတ်ဂျတ် အမေရိ ကန်ဒေါ်လာ သန်း ၄၀ အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb မှာတော့ ဒီရုပ်ရှင် ဟာ Rating 6.7 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။
3 years Ago
Up