ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ နာမည်ကြီး Terminator ရုပ်ရှင် Dark Fate ဟာ Box Office ရုံတင်ဝင်ငွေဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
Action Adventure Sci-Fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားဟာ နာမည်ကြီး Terminator ရုပ်ရှင် Series တွေရဲ့ ၆ ကားမြောက်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။
ဒီကားကို Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက တင်ဆက်လိုက်တာ ဖြစ်ပြီး နာမည်ကျော် စူပါဟီးရိုးရုပ်ရှင် Deadpool ရဲ့ ဖန်တီးရှင် အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Tim Miller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
အခုအသစ်ထွက်ရှိလာတဲ့ Dark Fate ရုပ်ရှင်ကတော့ မူလ Terminator နဲ့ Terminator 2: Judgment Day ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ Sequel Film Series အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး အရင်ကားတွေထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီးကြီး Linda Hamilton နဲ့ Arnold Schwarzenegger တို့က Sarah Connor နဲ့ T-800 ဇာတ်ကောင်တွေအနေနဲ့ ပြန်လည်ပါဝင်ထားကြတာပါ။
နောက်ပြီး ဒီရုပ်ရှင်ကားထဲမှာ “Dani” Ramos ဆိုတဲ့ စက်ရုပ်လူသား ဇာတ်ကောင် အမျိုးသမီးလည်း အသစ်အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး သူ့ကို တိုက်ခိုက်ခံရတဲ့ဘေးက ကူညီရဖို့ ဖြစ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို အက်ရှင်အပစ်အခတ် ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ ပြည်တွင်းရုံတင်ဝင်ငွေ အမေရိကန်ဒေါ် လာ ၂၉ သန်း၊ နိုင်ငံတကာရုံတင်ဝင်ငွေ ၁၂၄ သန်းနဲ့ ဦးဆောင်နေခဲ့တာပါ။
သူ့ရဲ့နောက်မှာတော့ ၅ ပါတ်မြောက် ရုံတင်ပြသနေတဲ့ နာမည်ကျော် Joker ရုပ်ရှင်က သီတင်းပတ်ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၅ သန်း၊ ရုံတင်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၉ ဒဿမ ၂ သန်းနဲ့ ရပ်တည်နေပြီး တတိယနေရာမှာတော့ ၃ ပတ် မြောက် ရုံတင်ပြသနေတဲ့ မင်းသမီး အန်ဂျလီနာဂျိုလီ ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင် Maleficent: Mistress of Evil က သီတင်းပတ်ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃ ဒသေမ ၁ သန်း၊ ရုံတင်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ် လာ ၈၅ ဒဿမ ၂ သန်းနဲ့ တည်ရှိနေတာ ဖြစ်ပါတယ်။
Terminator: Dark Fate ရုပ်ရှင်ကို ဘတ်ဂျတ်အမေရိကန် ဒေါ်လာသန်း ၁၆၀ နဲ့ ၂၀၀ ကြား အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပြီး Box Office မှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားခဲ့ကြတာမို့ ခုရရှိတဲ့ ဝင်ငွေဟာ မှန်းထားသလောက် ပွဲဦးထွက်မလှတဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဝေဖန်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
1 year Ago