Terminal 21

February 18, 2020

ထိုင်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းပေါင်း ၄၀ ကျော်အား ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း

ထိုင်းနိုင်ငံ နခွန်းရာ့ချ်ဆီမားခရိုင်မှာ ပြီးခဲ့တဲ့အပတ်က စစ်သားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ နောက်ပိုင်း ထိုင်းတပ်မတော်အနေနဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံနေရပြီး ထိုင်းကြည်းတပ်ဦးစီးချုပ်ကလည်း ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပါတယ်။  အထူးသဖြင့် ပစ်ခတ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းမှာ တပ်ထဲက အထက်အရာရှိက စီးပွားရေးလုပ်ပြီး လက်အောက်ငယ်သားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် ရာထူးကြီးကြီး အရာရှိတွေကို စီးပွားရေးလုပ်ခွင့်ပြုတော့မှာမဟုတ်ဘဲ ကြည်းတပ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနလက်သို့ လွှဲပြောင်းစီမံစေမယ့်အကြောင်း ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖိရတ် ခုံးဆုမ်ဖုန်းက  ပြီးခဲ့တဲ့အပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။  ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာတော့ ထိုင်းတစ်နိုင်ငံလုံးရှိ  ကြည်းတပ် ပိုင်ဆိုင်တဲ့ စီပွားရေးလုပ်ငန်းအမျိုးအစား‌ပေါင်း ၄၀ ကျော်ကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း သဘောတူစာချွန်လွှာ အမ်အိုယူ လက်မှတ်ရေးထိုးလိုက်ပါတယ်။   အဆိုပါ စီးပွါးရေးလုပ်ငန်းအမျိုးအစားပေါင်း ၄၀ ကျော်ထဲမှာ ဧကပေါင်း  ၃ သိန်းခွဲ ကျော်ရှိ မြေယာနဲ့ အိမ်ခြံ မြေလုပ်ငန်း၊ အဆောက်အဦလုပ်ငန်း၊ ဆိုင်ခန်းတွေနဲ့ လေဟာပြင်ဈေးတွေ၊ အားကစားရုံ၊ လက်ဝှေ့ရုံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း၊ ဟိုတယ်နဲ့ အပန်းဖြေစခန်း အစရှိတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့  ထိုင်းကြည်းတပ် စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ထီရဝပ် ဘွန်ယဝပ်က အမ်အိုယူ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောပါတယ် ။ ထိုင်းကြည်းတပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ တပ်မိသားစု သက်သာချောင်ချိရေးအတွက် လုပ်ဆောင်တာဖြစ်ပြီး  ဈေးနှုန်းမှာ အပြင်ကထက် ချိုသာကာ ထုတ်ကုန်အရည်အသွေးနဲ့ ကောင်းမွန်သော ဝန်ဆောင်မှုတွေရှိတာကြောင့် တပ်တွင်းမိသားစုတွေတင်မကဘဲ ပြင်ပကပါ လာရောက်ဝယ်ယူ အားပေးကြကြောင်း၊ တချို့လုပ်ငန်းတွေမှာ အပြင်လူတွေပါ ပါဝင်ပတ်သက်လာတဲ့အတွက် ရှုပ်ထွေးမှုတွေ ရှိလာလို့  အခုလို လွှဲပြောင်းလိုက်တာလို့ ဗိုလ်ချုပ်ကြီး ထီရဝပ်ဘွန်ယဝပ်က ပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် နိုင်းပရဆုန် ဖွန်းထနစ်ကလည်း ကြည်းတပ်စစ်ဦးစီးချုပ်ရဲ့  ဆုံးဖြတ်ဆောင်ရွက်မှုပေါ်  ကြိုဆိုချီးကျူးလိုက်ပြီး သူတို့အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ စီမံခန့်ခွဲကာ အကျိုးအမြတ်တွေကို ကြည်းတပ်မတော်အတွက် ဝေပုံကျ ပြန်ခွဲပေးမှာဖြစ်တယ်လို့ ပြောသွားပါတယ်။  ထိုင်းကြည်းတပ် ပြုပြင်ပြောင်းလဲရေးမှာ လူအစုအပြုံလိုက် ပစ်ခတ်မှုကျူးလွန်သူ ကြာကျူတ်ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ တိုင်းဒေသအမှတ် ၂ မှ လက်နက်တပ်ရင်းမှူးကိုလည်း ပြောင်းရွှေ့လိုက်သလို ရာထူးကြီးအရာရှိတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။  ဒါ့အပြင် တပ်မတော်က အငြိမ်းစားယူထားပေမယ့် ဝန်ထမ်းအိမ်ရာ ပြန်မအပ်ဘဲ ဆက်နေထိုင်သူတွေ၊  ဒါမှမဟုတ် ဆွေမျိုးတွေကို နေစေတာ၊ တဆင့်ပြန်ငှားစားနေတာတွေ၊ တပ်ပြောင်းပေမယ့် အိမ်မပြောင်းသူတွေကိုလည်း ဒီလအတွင်း အပြီးပြန်အပ်ဖို့ ညွှန်ကြားထားပါတယ်။ တပ်မတော်က အငြိမ်းစားယူပေမယ့် တပ်ပိုင်အိမ်မှာ နေထိုင်နေတဲ့သူတွေထဲမှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား၊ ဒုဝန်ကြီးချုပ် ပရဝစ်ဝုန်းဆုဝမ်း အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေ ပါဝင်နေပြီး သူတို့အနေနဲ့ စံပြအဖြစ် တပ်ပိုင်နေ အိမ်ကနေ အရင်ဆုံးရွှေ့ပြဖို့လိုကြောင်း အေအက်စ်တီဗွီသတင်းဌာန ထူထောင်သူလည်းဖြစ်၊ ယခင်က ရှပ်ဝါပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့  ဆွန်ထိလင့်ထောင်းကွန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားတွေအနေနဲ့ အထက်အရာရှိရဲ့ နိုင့်ထက်စီးနင်းပြုမှု၊ မတရားမှုနဲ့ ပြုပြင်ပြောင်းလဲစေလိုတဲ့ အချက်တွေကို အွန်လိုင်းဟစ်တိုင်ကနေတဆင့် ဖွင့်ဟပြောဆိုနိုင်ကြောင်း ကြေညာထားပေမယ့် တကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့  ဆွန်ထိလင့်ထောင်းကွန်းက ဆက်ပြောပါတယ်။  ဖွင့်ဟတိုင်တန်းလိုသူ တပ်မတော်သားတွေဟာ မိမိရဲ့အမည် ကိုယ်ပိုင်အမှတ် တပ်ခွဲ တပ်ဖွဲ့ အစရှိတဲ့ ကိုယ်ရေးရာဇဝင်တွေ အမှန်အတိုင်း ဖော်ပြရမှာမို့ မရဏအိုးထဲ ခုန်ချသလို ဖြစ်သွားမယ်လို့ ဆွန်ထိလင့်ထောင်းကွန်းက ထောက်ပြပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေးလီးနယူးစ်သတင်းထောက်က တပ်မတော်သားတွေနဲ့ ဆက်သွယ်မေးမြန်းရာမှာ အွန်လိုင်းဟစ်တိုင်က  မိမိတိုင်ကြားချက်တွေကို လျှို့ဝှက်ထားမယ်ဆိုပေမယ့် တနေ့နေ့မှာ ပေါက်ပေါက်လာမှာ ဖြစ်ကြောင်း၊ တိုင်လိုက်ရင် ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲလိုက်သလို ဖြစ်သွားမှာမို့ ဘယ်သူမှ မတိုင်ရဲကြောင်း၊ ဒါဟာ အွန်လိုင်းဟစ်တိုင်ဖွင့်တာဟာ ပြဿနာကို အပေါ်ယံသဘောလောက်ဘဲ ဖြေရှင်းတာ ဖြစ်တယ်လို့ ဖြေပါတယ်။  ထိုင်းကြည်းတပ်ဦးစီးချုပ်အနေနဲ့ တပ်တွင်း သန့်စင်ရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် အခုလို ကြိုးပမ်းဆောင်ရွက်နေပေမယ့်လည်း  ခိုရတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ လာရောက်ဖြေကြားပေးဖို့ စာပို့ထားလည်း ခံနေရပါတယ်။ အထူးသဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ကြာကျူတ်ဟာ ဗိုလ်မှူးကြီးအိမ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၃ နာရီလောက်ကြာမှ Terminal-21 ကုန်တိုက်ကြီးကို ရောက်လာကြောင်း၊ သူဟာ တပ်ထဲမှာ အချိန်ကြာကြာရှိနေပြီး အဲဒီအချိန်တွင်း ဘာကြောင့် ကြာကျူတ်ကို မနှိမ်နင်းနိုင်သလဲ၊ တပ်ထဲမှာ ဘာအရှုပ်အထွေးတွေ ရှိနေသလဲ စတာတွေကို လာရောက်ဖြေကြားပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ တီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကြည်းတပ်ဦးစီးချုပ်အနေနဲ့ လွှတ်တော်ထဲ ဘယ်တော့ သွားရောက်ဖြေကြားပေးမလဲ ဆိုတာတော့ မသိရသေးပါဘူး။  ဖေဖော်ဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ထိုင်းအစိုးရက သေဆုံးခဲ့ရသူတွေအတွက် ကရုဏာကြေးတွေ တစ်ဦးလျှင် ဘတ်ငွေ ၁ သန်း၊ ဒဏ်ရာပြင်းထန်သူတွေအတွက် ဘတ် ၂ သိန်းစီ၊ ဒဏ်ရာမပြင်းသူတွေအတွက် ဘတ် ၁ သိန်းစီ ကူညီထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
1 year Ago

February 10, 2020

Terminal 21 ပစ်ခတ်သတ်ဖြတ်မှု အဖြစ်ဆိုး၏ နောက်ကွယ်

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်းရာချ်ဆီမားခရိုင် ခိုရတ်မြို့မှာ  ဖေဖော်ဝါရီ ၈ ရက် ညနေ ပိုင်းက ထိုင်းစစ်သားတယောက်ဟာ သူ့တပ်မှူးနဲ့ တပ်မှူးယောက္ခမ ကိုရော စစ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ လမ်းသွားလမ်းလာတွေ၊ Terminal 21 ကုန်တိုက်ကြီးထဲက လူတွေကို ပစ်ခတ်ခဲ့ပါတယ်။  အဲဒီပစ်ခတ်မှုမှာ ပစ်ခတ်သူ အပါအဝင် လူ ၃၀ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ bangkokbiznews သတင်းမှာ ဖော်ပြပါတယ်။  ဒီပစ်ခတ်မှုဟာ ထိုင်းနိုင်ငံမှာ တခါမှမကြုံဖူးသေးတဲ့ ထိခိုက်ဒဏ်ရာရသူ အများဆုံး မြို့တွင်း ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့ဝန်ထမ်းစစ်သား တယောက်က အခုလို ရက်ရက်စက်စက် ကျူးလွန်ရတဲ့ အကြောင်းရင်းကို အားလုံးက သိချင်နေကြပါတယ်။  ပစ်ခတ်မှုကျူးလွန်သူဟာ နခွန်းရာ့ချ်ဆီမားခရိုင်၊ အမှတ် ၂ တိုင်းစစ်ဌာနချုပ် ခွန်းနထမ်းဖိထတ် လက်နက်နဲ့အမြှောက်တပ်ရင်း၂၂ က အသက် ၃၂ နှစ်ရှိတဲ့ အရာခံဗိုလ်အဆင့်ရှိသူ နိုင်းကျကဖတ်ထုမ်းမား ဖြစ်ပါတယ်။  သူဟာ လက်နက်ချစ်သူ၊ တာဝေးပစ်လက်ဖြောင့်သေနတ်သမားဖြစ်ပြီး သေနတ်ပစ်       လေကျင့်ရေးစခန်းအတွက် လက်နက်တိုက်မှ လက်နက်တွေကို ထုတ်ယူခွင့်ရှိတာကြောင့် ပြစ်မှုကျူးလွန်တဲ့နေ့က စစ်မြေပြင်သုံးလက်နက်အပါအဝင် အမျိုးအစားမတူတဲ့ သေနတ် ၃ လက်၊ ကျည်ဆန်ပေါင်း ၇၀၀ တောင့်ကျော်ကို ထုတ်ယူသွားခဲ့ပါတယ်။  သူ အရင်ဆုံး ပစ်ခတ်ခဲ့တဲ့သူတွေဟာ သူ့အထက်အရာရှိဖြစ်တဲ့ တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး အနန်တရို့ကဆယ် (အသက် ၄၈ နှစ်)၊ ဗိုလ်မှူးကြီးရဲ့ ယောက္ခမ နန်းအနုံးဝိကျန်း (၆၅ နှစ်) နဲ့ အိမ်ခြံမြေပွဲစား ၁ ဦးတို့ဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီးနဲ့ ယောက္ခမတို့ သေဆုံးပြီး ပွဲစား ကတော့ ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။  ပြဿနာဖြစ်ရတဲ့အကြောင်းမှာ အိမ်ခြံမြေရောင်းဝယ်မှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်မှာတော့ သတင်းပေးသူပေါ်မူတည်ပြီး အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ ထိုင်းပီဘီအက်စ်သတင်းဌာနက ကျူးလွန်သူ နိုင်းကျကဖတ်ရဲ့ အပေါင်းအသင်းတွေကို မေးမြန်းရာမှာတော့ သေဆုံးသူ ဗိုလ်မှူးကြီးနဲ့ သူ့ယောက္ခမတို့ဟာ အိမ်ရာဆောက်လုပ်ပြီး ရောင်းချတဲ့လုပ်ငန်းပါ လုပ်ကိုင်ကြောင်း၊ အထူးသဖြင့် တပ်ထဲက လူတွေကို ရောင်းချပေးပြီး နိုင်းကျကဖတ်ကလည်း ပွဲစားခယူပြီး အိမ်ခြံဝယ်ယူလိုသူတွေ စပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။  အခင်းဖြစ်တဲ့နေ့က သူရဖို့ရှိတဲ့ ပွဲစားခတွေ သွားတောင်းရာမှာ နန်းအနုံးက သူ့ကို တိုက်ရိုက်မပေးဘဲ တခြားပွဲစားကို ပေးခဲ့ပြီလို့ ပြောကြောင်း၊ နိုင်းကျကဖတ်မှာလည်း ပေးစရာ အကြွေးတွေ ရှိနေတဲ့အတွက် ငွေသွားတောင်းရာမှာ ပြေလည်မှုမရလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။    Workpoint News TV သတင်းကတော့ သေဆုံးသူ ဗိုလ်မှူးရဲ့ကတော်ကို မေးမြန်းရာမှာ ဗိုလ်မှူးကတော်က သူ့မိခင်နဲ့ ခင်ပွန်းမှာ တဖက်သားအပေါ် မတရားမှု ဘာမှ မလုပ်ခဲ့ကြောင်း၊ သေနတ်ပစ်ကျူးလွန်သူ ကျကဖတ်မှာ သူတို့ ဆောက်လုပ်ရောင်းချတဲ့ အိမ် ၁ လုံးကို ဘတ် ၁ သန်း ၅ သိန်းနဲ့ ဝယ်ထားကြောင်း၊ အိမ်ဆောက်ပြီးစီးချိန်မှာ ဝယ်ယူသူတွေအနေနဲ့ ဘတ် ၅ သောင်းစီ ပြန်အမ်းငွေ ရရမှာဖြစ်လို့ ပွဲစားက တဆင့်ပေးလိုက်ကြောင်း၊ အဲဒီငွေတွေကို ပွဲစားက ကြားထဲက ယူ သုံးလိုက်တာလို့ ဆိုပါတယ်။  ငွေ ၅ သောင်းပြန်ရဖို့ ဖေဖော်ဝါရီ ၈ ရက်က ပွဲစား၊ နန်းအနုံးနဲ့ ကျကဖတ်တို့ မျက်နှာ ချင်းဆိုင်ဖြေရှင်းပြီး ဗိုလ်မှူးကြီးက အသိသက်သေအနေနဲ့ ကြားထဲကနေ ညှိနှိုင်းပေးဖို့ လာရောက်ခဲ့ကြောင်း၊ နန်းအနုံးက ပွဲစားယူသွားတဲ့ငွေတွေ စိုက်ပြီးပြန်ပေးမယ်၊ ဒါပေမဲ့ ပွဲစားအနေနဲ့ နန်းအနုံးဆီကနေ ပိုက်ဆံချေးတဲ့အကြောင်း လက်မှတ်ထိုးရမယ်လို့ ပြောတဲ့အပြင် ပွဲစားက သွားရောက် ပေါင်နှံထားတဲ့ ကား ၁ စီးကို ပြန်ရွေးပေးဖို့ ပြောကြောင်း၊ ဗိုလ်မှူးကြီးက “မင်းတို့တွေ အဆင်ပြေရင် ငါ့ဆီ ပေါ်မလာဘူး၊ ဒုက္ခရောက်ရင်တော့ လာကြတယ်၊ မင်းတို့ပြဿနာ မင်းတို့ဘာသာ သွားရှင်း”  လို့ ပြောလိုက်တာနဲ့ ကျကဖတ်က သေနတ်နဲ့ အဘွားကြီးကို အရင်ပစ်၊ ပြီးတော့ ဗိုလ်မှူးကြီးကို ပစ်၊ ထွက်ပြေးတဲ့ ပွဲစားနောက်ကို လိုက်ပစ်ခဲ့တာလို့ ဆိုပါတယ်။  အခုလို မတူတဲ့သူတွေဆီကနေ ကွဲပြားတဲ့အချက်လက်ရှိနေလို့ အဖြစ်မှန်ကို ပြောနိုင်သူမှာ ပွဲစားပင်ဖြစ်ကြောင်း၊ ဒါပေမဲ့ ပွဲစားမှာလည်း ဒဏ်ရာပြင်းထန်လို့ ဘာမှ မေးမရသေးဘူးလို့ ဆိုပါတယ်။  သတင်းထောက်တွေက နိုင်းကျကဖတ် မကျူးလွန်ခင် သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့တာတွေကို ပြန်လည်ဖော်ထုတ်ရာမှာတော့ သူက လောကကြီးမှာ မွေးဖွားခြင်း၊ လူနာဖြစ်ခြင်းနဲ့ သေဆုံးတာဟာ သဘာဝ၊ သူကတော့ အိပ်ရာထဲလဲနေတဲ့ လူနာအဖြစ်နဲ့ မသေချင်ဘဲ သေနတ်မှန်ပြီးမှပဲ သေချင်တယ်လို့ ရေးထားတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် တရက်တော့ လွတ်မြောက်သွားပြီလို့ ရေးထားခြင်းအားဖြင့် သူဟာ လုပ်ငန်းခွင်မှာ  စိတ်ဖိစီးမှုရှိနေတယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။  အထက်လူကြီးနဲ့ ပြဿနာရှိကြောင်း ရင်ဖွင့်ရာမှာ အပေါင်းအသင်းတွေက လျှော့ပေး လိုက်ပါလို့ ပြောပြီး သူကတော့ အလျှော့ပေးမယ့်အစား အသေခံလိုက်မယ်လို့ ပြန်ရေးထားပါတယ်။  ပစ်ခတ်မှု ကျူးလွန်တဲ့နေ့ကလည်း ဟို ၃ ယောက် သေပြီလား၊ သူများပိုက်ဆံ လိမ်လည်ပြီးမှ သူဌေးဖြစ်လာတဲ့သူတွေ အဲဒီငွေတွေကို ငရဲပြည်မှာ သွားသုံးလို့ ရမယ်ထင်သလားလို့ ရေးတင်ထားပါတယ်။  သူ အသုံးပြုတဲ့ သေနတ်မှာ ဘုရားပုံပါ လော့ကက်ဆွဲထားပြီ ဒီကနေ့ အကြံအောင်ပါစေလို့ တိုင်တည် ဆုတောင်းကြောင်း ရေးသားထားပါတယ်။  သူဟာ ကုန်တိုက်အနောက်ဘက်ကို ဗုံးပစ်ထည့်ပြီး မီးလောင်နေတဲ့ပုံကို နောက်ခံကာ ဖေ့စ်ဘွတ်ခ်လိုက်ဖ် လွှင့်ခဲ့ပါသေးတယ်။ မကြာခင်အချိန်တွင်းမှာပဲ သူ့ရဲ့ဖေ့စ်ဘွတ်ခ် အပိတ်ခံလိုက်ရပါတယ်။  စစ်သားတယောက်က အခုလို ရက်စက်တဲ့ ပစ်ခတ်မှုကြီး ကျူးလွန်ရတဲ့အပေါ်မှာ ဘန်ကောက် မဟီဒွန်းတက္ကသိုလ် နိုင်ငံတကာရာဇဝတ်မှုနဲ့ တရားမျှတရေးဆိုင်ရာ အထူးပြု ဘာသာရပ်မှ ဌာနမှူး ဒေါက်တာ ထာ့နရုန်းဆဒ်သာခေါင်နာ့သ်တကွန်းကတော့  ကျကဖတ် အနေနဲ့ ဒီလို ကျူးလွန်ရတာ အချက် ၃ ချက်ရှိတယ်လို့ သုံးသပ်ပါတယ်။  ၁ အချက်မှာ မိမိမျှော်မှန်းထားတိုင်းအတိုင်း ဖြစ်မလာတာ၊ ၂ အချက်မှာ တစုံတရာ လက်လွှတ်ဆုံးရှုံးလိုက်ရတာ၊ ၃ အချက်မှာ စိတ်ဖိစီးမှုတွေကြောင့်လို့ Amarim TV သတင်းထောက်ကို ပြောပါတယ်။  အစောပိုင်းမှာ လက်စားချေလိုစိတ်နဲ့ ကျူးလွန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲပြီး တွေ့ရာမြင်ရာ ရမ်းသမ်း ပစ်ခတ် သောင်းကျန်းခဲ့တာလို့ ဆိုပါ တယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းတပ်မတော် ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖိရတ် ခုန်းဆုမ်ဖုန်းက သေဆုံးထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ ဆုံးရှုံးမှုတွေအတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ လက်နက်တိုက်များ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့၊ နယ်ခြားစောင့်တပ်တွေအနေနဲ့ ပိုမိုစည်းစနစ်ကျစွာ ဆောင်ရွက်ဖို့၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ မိမိတပ်ဖွဲ့ဝင်တွေကို အနီးကပ်စောင့်ကြည့်ဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
1 year Ago
Up