ပြီးခဲ့တဲ့ သောကြာနေ့ကမှ ရုံတင်ပြသခဲ့တဲ့ နာမည်ကြီး Star Wars ရုပ်ရှင်ဟာ ပထမသီတင်းပတ်မှာတင် Box Office ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် ရရှိခဲ့ပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ကြယ်တာရာစစ်ပွဲများလို့ သိကြတဲ့ Epic Space-opera အမျိုးအစားရုပ်ရှင်-Star Wars: The Rise of Skywalker ကို အမေရိကန်ရုပ်ရှင်ဒါရိုက်တာ J.J.Abrams က ရိုက်ကူးပုံ ဖော်ပေးထားပြီး Lucasfilm နဲ့ Bad Robot Productions တို့က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
Star Wars ရုပ်ရှင်ကားတွေလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက အာကာသထဲက စွန့်စားမှုအသားပေး အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ အက်ရှင်နဲ့ သိပ္ပံဆန်းကြယ် ဇာတ်လမ်းဇာတ်ကွက်တွေကို ပြေးမြင်မိကြမှာပါ။
ဒီကားကတော့ Sequel trilogy အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Force Awakens ၊ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးထွက်ရှိထားတဲ့ The Last Jedi ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ The Last Jedi ထဲက အဖြစ်အပျက်တွေအပြီး အချိန်တနှစ်အကြာ First Order နဲ့ နောက်ထပ်တကြိမ် ရင်ဆိုင်ကြရဦးမယ့် Rey ၊ Finn နဲ့ Poe Dameron တို့ရဲ့ ခရီးကြမ်းနဲ့အတူ နောက်ဆုံး စစ်ပွဲကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Carrie Fisher ၊ Mark Hamill ၊ Adam Driver ၊ Daisy Ridley ၊ John Boyega ၊ Oscar Isaac တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းနီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။
လတ်တလောမှာတော့ ဒီကားဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇၅ ဒသမ ၅ သန်း ရရှိထားခဲ့ကာ သူ့နောက်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ရုံတင်ခဲ့တဲ့ Jumanji: The Next Level က အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသတဲ့ သီတင်းပတ်ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၁ သန်းနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
တတိယနေရာမှာတော့ ၅ ပတ်မြောက် ရုံတင်ပြသနေပြီး ၃ ပတ်ဆက်တိုက် ရုံတင် ဝင်ငွေထိပ်ဆုံးဇယားမှာ ဦးဆောင်ခဲ့တဲ့ နာမည်ကြီး အဲန်နီမေးရှင်းရုပ်ရှင် Frozen 2 က ရုံတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ သန်းနဲ့ ရှိနေခဲ့တာပါ။
အဲဒီကားတွေရဲ့ နောက်မှာတော့ ပေါ့ပ်စတား တေလာဆွစ်ဖ် ပါဝင်တဲ့ ပြဇာတ်ဆန်ဆန် ဂီတဇာတ်မြူးဒရာမာရုပ်ရှင်-Cats နဲ့ နာမည်ကြီး ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်ခရိတ်ဂျ် ခေါင်းဆောင် ပါဝင်တဲ့ ဟောလိဝုဒ်ရုပ်ရှင် Knives Out တို့က သီတင်းပတ်ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း၊ ၆ ဒသမ ၁ သန်းနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။
1 year Ago