SSPP/SSA အဖွဲ့

December 7, 2020

မိုးကုတ်မြို့ လယ်ကြီးရွာက အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း SSPP/SSA အဖွဲ့ ဝန်ခံ

မိုးကုတ်မြို့ ကျောက်တလုံးကျေးရွာအုပ်စု လယ်ကြီးရွာက အမျိုးသမီးတဦးကို ဒီဇင်ဘာ  ၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာဟုတ်မှန်ကြောင်း  SSPP/SSA တပ်ဖွဲ့က ဝန်ခံလိုက်ပါတယ်။ မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးထားရတာ ဖြစ်ကြောင်းနဲ့  မိုးကုတ်မြို့‌ ပေါ်က ဖမ်းလာတာမဟုတ်ပဲ မိုးကုတ်နဲ့ မိုင်းလုံကြားက ရွာတရွာမှာ ဖမ်းခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဒီဇင်ဘာ ၆ ရက်နေ့ ပြောပါတယ်။ ဖမ်းဆီးခံရသူဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာ ကြာမြင့်‌နေပြီဖြစ်ပြီး အနီးနားပြည်သူတွေကလည်း အလိုမရှိလို့ ဖမ်းဆီးအရေးယူတာ ဖြစ်ကြောင်း၊ တပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေနည်းနာတွေအရ အရေးယူသွားမှာဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ၆လ အနည်းဆုံးနဲ့ အလုပ်ကြမ်း လုပ်ရမယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့ကျောက်တလုံးကျေးရွာအုပ်စု လယ်ကြီးရွာက ဒေါ်ကြည်သန်းကို ဒီဇင်ဘာ  ၅ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်လောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတခုက အိမ်ထဲဝင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာဥက္ကဋ္ဌဦးစံဝင်းက ပြောပါတယ်။ ဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး SSPP/SSA အဖွဲ့က ဒီကနေ့ထိ မိသားစုကို ဆက်သွယ်လာတာ၊ ငွေကြေးတောင်းခံလာတာလည်း မရှိသေးဘူးလို့ ဒေါ်ကြည်သန်းရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ သက်ဆိုင်ရာကိုတော့ ကျေးရွာတာဝန်ရှိလူကြီးတွေကနေ အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဟန်နာထက်အောင်/နန်းစံပယ်
4 months Ago
Up