SSPP

January 24, 2023

ဝမ်ဟိုင်းဌာနချုပ်ပေါ် စစ်တိုက်လေယာဉ်ပျံသန်းမှု စော်ကားသည့်လုပ်ရပ်ဖြစ်ဟု SSPP ထုတ်ပြန်

SSPP/SSA  ဌာနချုပ် ဝမ်ဟိုင်းမြို့ပေါ်ကို စစ်တပ်တိုက်လေယာဥ် ရှပ်ပျံသန်းမှုဟာ စော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆနိုင်တဲ့အတွက်  ဘာကြောင့်တိုက်လေယာဉ် ပျံသန်းစေခဲ့တာလဲဆိုတာကို   သိရှိလိုကြောင်း   SSPP က စစ်ကောင်စီထံ မေးမြန်းထားပါတယ်။

ဇန်နဝါရီ ၂၄ ရက်  ဒီနေ့မနက်  ၁၁ နာရီ မိနစ် ၅၀ နာရီ လောက်မှာ  စစ်ကောင်စီလေတပ်က  YAK-130 အမျိုးစား ဂျက်တိုက်လေယာဉ်   ဝမ်ဟိုင်းမြို့ပေါ်ကို အနိမ့်ရှပ်ပျံသန်းခဲ့တာလို့ SSPP ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

နောက်တစ်ကြိမ် အခုလို အကြောင်းကြားခြင်းမရှိပဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းတာ၊ လေ့ကျင့်တာတွေ ထပ်မံပြုလုပ်ပါက  တပ်မတော်တာဝန်သာဖြစ်ကြောင်း၊ ဘာကြောင့် တိုက်လေယာဉ် ပျံသန်းစေခဲ့တယ်ဆိုတာ မိမိဗဟိုလူကြီးတွေက သိရှိလိုပါကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး(၂) ဒုဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

အခုလို တိုက်လေယာဉ်ပျံသန်းချိန်ဟာ RCSS/SSA ခေါင်းဆောင် စဝ်ယွတ်ဆစ်တို့နဲ့ ဆွေးနွေးပွဲလုပ်ဆောင်နေချိန်ဖြစ်လို့  မသိရသေးကြောင်းနဲ့ သိရှိရပါက အကြောင်းပြန် ပေးမယ်လို့ ဖြေကြားခဲ့တယ်လို့ SSPP ပြန်ကြားရေးသတင်းမှာဖော်ပြပါတယ်။

RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စဝ်ယွတ်ဆစ်တို့ဟာ  စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့  နေပြည်တော်မှာ မနေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။ 

3 days Ago

September 27, 2022

'ဝ' ၊ မိုင်းလားနှင့် SSPP ကိုယ်စားလှယ်အဖွဲ့ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ နိုင်ငံတော်မှ ခွဲမထွက်ရေး ဆွေးနွေး

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၆ ရက်မနက်က  'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  (NDAA) မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့  နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံပါတယ်။

ဒီလိုတွေ့ဆုံရာမှာ UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နဲ့အဖွဲ့က  နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးထိန်းသိမ်းလိုက်နာနေတဲ့ အခြေအနေတွေ၊ သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ဖြေရှင်းခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ ဒေသနဲ့ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပွင့်လင်းစွာ အကြေအလည် ဆွေးနွေးသွားမှာဖြစ်ပြီး ၂၀၀၈ ၊  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံပြီး ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ  စစ်ခေါင်းဆောင်က  ‘ဝ’ ပြည်နယ်ထူထောင်ခွင့်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ မူအားဖြင့် သဘောတူခဲ့သလို  ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက် ပေါ်နေပေမဲ့ စစ်ကောင်စီရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာတော့ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။ 

နေပြည်တော်မှာရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတာဝန်ရှိသူတွေနဲ့  ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်အဖြစ် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့က မေ ၃၀ ရက်၊  NDAA (မိုင်းလား) အဖွဲ့က  ဇွန် ၄ ရက်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဩဂုတ် ၄ ရက်တွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ အသီးသီးတွေ့ဆုံခဲ့ကြပြီး အခု ဒုတိယ အကြိမ်ထပ်မံ တွေ့ဆုံတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ  ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။ အခုလက်ရှိ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိတဲ့အတွက်  သွားရောက်ခြင်းမရှိပါဘူး။

Photo- DSINFO

4 months Ago
More News
Up