SSPDF

August 29, 2021

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် SSPDF ဖွဲ့စည်း

ရှမ်းပြည်နယ်တောင်းပိုင်း ၂၁ မြို့နယ်က နွေဦးတော်လှန်ရေးအင်အားစုတွေကို စုစည်းပြီး  ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern Shan People Defence Force) SSPDF ကို  အမျိုးသားညွတ်ရေးအစိုးရ(NUG)ရဲ့လမ်းညွှန်မှုနဲ့ ဩဂုတ် ၂၈ ရက်မှာ ဖွဲ့စည်းလိုက်တယ်လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"ပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်အရ ဖွဲ့စည်းလိုက်တာပါ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မပါဘူး။ အများပြည်သူအတွက် အမြဲတန်းကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေမှာပါ"လို့ သူက ဆိုပါတယ်။

ပြည်သူ့အစိုးရဆီက အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အစိုးရခေါင်းဆောင်တွေ အပါအဝင် ပြည်နယ်တိုင်းဝန်ကြီးတွေအစ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ သတင်းသမားတွေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်း၊ သင်ကြားရေး ဝန်ထမ်း၊ ကျောင်းသား/သူ အဆုံး မတရားဖမ်းဆီး ထောင်ချ နှိပ်စက်သတ်ဖြတ်နေတာကြောင့် ပြည်သူ့အာဏာပြန်ရဖို့ ဖက်ဆစ်စစ်ကောင်စီကို တိုက်ထုတ်ဖို့ ဖွဲ့စည်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

SSPDF အဖွဲ့ဟာ NUG,CRPH ,Gen Z ,EAOs နဲ့ အနယ်နယ်အရပ်ရပ်က LDF,PDF အဖွဲ့တွေအပါဝင် ပြည်သူတွေနဲ့ လက်တွဲကာ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ချေမှုန်း သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုအဖွဲ့မှာ မပါသေးသူတွေ၊ မတရားတာကို လက်မခံတဲ့ အဖွဲ့လိုက် လှုပ်ရှားနေသူ တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီး လာရောက်ပူးပေါင်းဖို့  SSPDF က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်အတော်များများမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF တွေ ဖွဲ့စည်းပြီး ပြည်သူတွေကို ကာကွယ်ပေးတာ ၊ စစ်ကောင်စီအဖွဲ့တွေကို တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ ကြပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ဩဂုတ်လမှ စတင်ဖွဲ့စည်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။  

3 months Ago
Up