SNLD ပါတီ

February 3, 2021

စစ်အာဏာသိမ်းမှုကို SNLD ပါတီ ပြင်းပြင်းထန်ထန်ကန့်ကွက်

နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ကြေညာပါတယ်။

တပ်မတော်ရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်း တွေနဲ့ တိုင်းရင်းသားပြည်သူတွေကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းတွေကို ဆန့်ကျင် ထိခိုက်နေတဲ့အတွက် အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အတွင်းရေးမှူး ၁ စိုင်းကျော်ညွန့်က “ဦးတည်ချက်ကတော့ ကျနော်တို့ကိုင်စွဲထားတဲ့ ဒီမိုကရေစီဆိုင်ရာ စံနှုန်းတွေရှိမယ်ဗျာ။ နောက်ပြီးတော့ ကျနော်တို့ပါတီ အခြေခံမူထဲမှာ တစ်ချက်အပါအဝင်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ၊ အဲဒီအချက်တွေကြောင့်မို့ ကျနော်တို့ မြော်မြင်တဲ့ ပြည်ထောင်စု မြော်မြင်ချက်ဆိုတာက ကျနော်တို့ဖြစ်ချင်တဲ့ပြည်ထောင်စု၊ မြင်ချင်တဲ့ပြည်ထောင်စုပေါ့၊ စတဲ့ အခြေခံအချက်အလက်တွေနဲ့ ဒါကိုက်ညီမှုမရှိဘူး၊ အဲဒါကြောင့်မို့ ဒီလုပ်ရပ်ပေါ်မှာ ကျနော်တို့က ကန့်ကွက်တဲ့သဘောဖြစ်ပါတယ်။ မည်သူမဆို ဒီလိုမျိုး ကျနော်တို့မူဝါဒနဲ့ ဆန့်ကျင်တာလုပ်ရင် ကျနော်တို့ ကန့်ကွက်မှာပဲ။ ဟိုတုန်းက အန်အယ်လ်ဒီရဲ့လုပ်ရပ်တွေလည်း ကျနော်တို့ မူဝါဒနဲ့မကိုက်ညီရင် ကန့်ကွက်ခဲ့တာပဲ။ ဆိုတော့ကာ ကျနော်တို့မူအပေါ်မှာ ရပ်တည်ပြီးတော့ ကျနော်တို့ကန့်ကွက်တာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အောင်မြင်ချောမွေ့စေဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားနဲ့ လှုပ်ရှားတက်ကြွသူတွေအားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

SNLD အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွား မှာဖြစ်ကာ မှန်မှန်ကန်ကန် တရားနည်းလမ်းကျကျ ယှဉ်ပြိုင်အနိုင်ရထားတာတွေကို တပ်မတော် အနေနဲ့အသိအမှတ်ပြုလက်ခံဖို့ အခိုင်အမာ တိုက်တွန်းတောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အနားယူသွားပြီ ဖြစ်တဲ့အတွက် ပါတီ ဥက္ကဋ္ဌ အဖြစ် စိုင်းညွန့်လွင်ကို ဒီကနေ့ ရွေးချယ် တင်မြှောက်ထားပါတယ်။
နန်းမြနဒီ၊ အာကာ

3 months Ago

October 16, 2020

နမ့်ခမ်းမြို့နယ်တွင်  SNLD ပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲမှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရတယ်လို့  လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပါတယ်။ မူဆယ်ခရိုင်ကနေ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် လွှတ်တော် ၃ ရပ်က ကိုယ်စားလှယ်လောင်း ၄ ဦး ရုပ်ပုံနဲ့ အမည်ပါ မဲဆွယ်ဆိုင်းဘုတ်ကို နမ့်ခမ်းမြို့နယ် စယ့်ဟိုင်းကျေးရွာအုပ်စု ကုန်းဆာကျေးရွာထဲမှာ ပြီးခဲ့တဲ့လက စိုက်ထူထားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မနက်က ဆိုင်းဘုတ်ထူထားတဲ့ ငုတ်တိုင်နှစ်ခုသာ ကျန်တော့တယ်လို့ ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ (၁) ကိုယ်စားလှယ်လောင်း စိုင်းကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။   “ပြီးခဲ့တဲ့ စက်တင်ဘာလက ကျနော်တို့ အဲဒီရွာမှာ မဲဆွယ်စည်းရုံးရေး ဆင်းပါတယ်ခင်ဗျ။ ရွာသူရွာသားအားလုံးက လိုလိုလားလားကြိုဆိုပါတယ်။ အဲဒီဆိုင်းဘုတ် စိုက်ထူရမယ့်နေရာကို လည်း ရပ်မိရပ်ဖတွေကပဲ ပြပေးတာပါ။ ကုန်းဆာဘုန်းကြီးကျောင်းရှေ့မှာပါ။  ဘယ်အချိန်က ဖျက်ဆီးခံရလဲတော့သေချာမသိဘူး။ နယ်မြေထဲက ကျနော်တို့ပါတီဝင်တွေ စတွေ့တာတော့ အောက်တိုဘာ ၁၀ ရက် မနက် ၉ နာရီခွဲလောက်ပေါ့။ ဆိုင်းဘုတ်ရဲ့တိုင် ၂ ခုကို ခုတ်ထစ်ပြီး ဆိုင်းဘုတ်ပါ ဖြုတ်ယူသွားတယ်။ အဲဒီအနီးနားမှာလည်း ရှာမတွေ့ဘူး။ အဲဒါနဲ့ ပါတီရုံးကို အကြောင်းကြားတယ်။ ရုံးချုပ်ကိုလည်း အကြောင်းကြားတယ်။ မြို့နယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တွေဆီရော ရဲတပ်ဖွဲ့ပါ အကြောင်းကြားထားပါတယ်ခင်ဗျ။”  အခုလို ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရတဲ့အပေါ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘယ် အဖွဲ့အစည်းကိုမှ သံသယမထားပါကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလ ဖြစ်လေ့ဖြစ်ထရှိ တတ်ကြောင်း၊ မိမိပါတီ ဦးတည်ချက် ပန်းတိုင်အတိုင်း လုပ်စရာရှိတာတွေ ဆက်လုပ်မယ်လို့ စိုင်းကျော်မြင့်က ပြောပါတယ်။  လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မူဆယ်ခရိုင်အနေနဲ့ ဦးမော်ထွန်းအောင်က  အမျိုးသားလွှတ်တော်နေရာ၊ စိုင်းအောင်ကျော်က ပြည်သူ့လွှတ်တော်နေရာ၊ စိုင်းကျော်မြင့်နဲ့ စိုင်းအောင်သက်ဦးတို့က ပြည်နယ်လွတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။   
7 months Ago
Up