Sky Net

A d v e r t i s e m e n t With Us

June 1, 2020

ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို SKY NET မှတဆင့်သာ မီဒီယာများသတင်းယူရမည်

ဇွန်လ ၂ ရက် ပြန်စတင်မယ့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို မီဒီယာတွေအနေနဲ့ SKY NET ရုပ်သံချန်နယ်တစ်ခုတည်းကနေတဆင့်သာ သတင်းရယူဖို့ စီစဉ်ထားတယ်လို့  လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။  ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးကို ဇွန်လ ၂ ရက်နေ့မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပေမယ့်  ကိုဗစ်-၁၉ ရောဂါကြောင့် သတင်းသမားတွေဟာ အရင်ကလို လွှတ်တော်ထဲအထိ ဝင်ရောက်ပြီး သတင်းယူလို့ရမှာ မဟုတ်တော့ပါဘူး။ ရန်ကုန်တိုင်းဟာ တခြားတိုင်းနဲ့ပြည်နယ်တွေထက် ကိုဗစ်-၁၉ အတည်ပြုလူနာများတဲ့ အတွက် ကိုယ်စားလှယ်အားလုံး ဟိုတယ် Quarantine ဝင်ရသလို သတင်းရယူဖို့ ကန့်သတ်လိုက်တာဖြစ်ပြီး SKY NET လိုင်းကနေ ပြသဖို့စီစဉ်လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်အောင်က ပြောပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်မှာ ခုလို့ ပုဂ္ဂလိကမီဒီယာတခုကိုသာ သတင်းရယူခွင့်ပေးပြီး ထုတ်လွှင့်ခိုင်းတာဟာ လွှတ်တော်ကိုယ်တိုင်က မီဒီယာတွေအပေါ်မှာ ဘက်လိုက်မှုနဲ့ မညီမမျှမှုဖြစ်အောင် လုပ်နေသလိုဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က သုံးသပ် ပြောပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်မှာ သတင်းရယူတဲ့အခါ အရင်က လွှတ်တော်မကျင်းပမီ လွှတ်တော်ထဲအထိ အချိန်၁၀မိနစ်လောက်  ရိုက်ကူးခွင့်ရသလို လွှတ်တော်ကျင်းပချိန်မှာ မီဒီယာကော်နာမှာ  ပြသထားတဲ့ တီဗီကနေ သတင်းရယူရတာပါ။  အလားတူ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကိုလည်း နေပြည်တော်မှာရှိတဲ့ သတင်းထောက်တွေ  လွှတ်တော်ထဲအထိ သတင်းရယူခွင့်မရှိဘဲ ရုပ်မြင်သံကြားကနေတဆင့်သာ သတင်းရယူနေရတာ ဖြစ်ပါတယ်။ ပြန်လည်ကျင်းပမယ့် ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ  လစ်လပ်သွားတဲ့ ရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီးအစားထိုးခန့်အပ်ဖို့ရှိသလို  ၂၀၁၉-၂၀၂ဝ ဖြည့်စွက် ဘတ်ဂျက်နဲ့ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ကို အတည်ပြုဖို့ ရှိနေတာဖြစ်ပါတယ်။ ကိုယ်စားလှယ်အားလုံးကို လွှတ်တော်မပြီးမချင်း ဟိုတယ်Quarantineဝင်ရမယ့် အပေါ်ဆ ဆေးနွေးမှုအပိုင်း အားနည်းသွားနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး အရေးပေါ်အစည်းအဝေး ခေါ်လိုက်တာကြောင့် အရင်လိုမေးခွန်းမေးမြန်းခွင့်မရှိတော့ဘူးလို့လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးကျော်ဇေယျက ပြောပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်တက်ဖို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးအပါအဝင်၊ လွှတ်တော်ဝန်ထမ်းတွေနဲ့ အထောက်အကူပြုအဖွဲ့ဝင် ၉၀ ဦးဟာ  မေလ ၂၉ ရက်ကစလို့  ဟိုတယ်Quarantineဝင်နေရပြီး ကျန်းမာရေး စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ ရောဂါ မတွေ့ရှိခဲ့ပါဘူး။
9 months Ago

April 21, 2016

လွှတ်တော်ကိုယ်စားလှယ်တွေကို Sky Net ရုပ်သံလိုင်း အခမဲ့တပ်ပေးမည်ဟု ကမ်းလှမ်း

လွှတ်တော်ကိုယ်စားလှယ်များကို Sky Net ရုပ်သံလိုင်း ၅ နှစ်စာ အခမဲ့ တပ်ဆင်ပေးမယ်လို့ ကုမ္ပဏီဘက်က ကမ်းလှမ်းထားပြီး ယူ မယူတော့ မဆုံးဖြတ်ကြရသေးဘူးလို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန် က ပြောပါတယ်။ ရန်ကုန်မှာ တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကတဆင့် ကမ်းလှမ်းခဲ့တာဖြစ်ပြီး မတ်လ ကတည်းက ကုမ္ပဏီက ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ “ရန်ကုန်တိုင်းမှ မဟုတ်ဘူးဗျ။ နေပြည်တော်က လူတွေကောလို့ ပြောတယ်။ စကိုင်းနက်တီဗီကို လိုက်တပ်ပေးမယ်ဆိုပြီးတော့ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ကို ပြောတာကတော့ ယူချင်တဲ့သူ ယူ၊ မယူချင်တဲ့သူ မယူနဲ့၊ အတင်းအကျပ် ယူရမယ်လို့တော့ မဆိုလိုဘူး၊ ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်လို့ပဲ ပြောထားတာပေါ့။” လွှတ်တော်များ ရပ်နားထားချိန်ဖြစ်လို့ အဲ့ဒီကိစ္စ မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောပါတယ်။ နေပြည်တော်သင်္ကြန်တွင်း မီဒီယာမဏ္ဍပ်ကြီးတခုက မဏ္ဍပ်လာတဲ့ အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေး အရာရှိကို ကျပ်သိန်း ၅၀ ပေးလို့ သမ္မတရုံးက အဲ့ဒီမီဒီယာပိုင်တဲ့ကုမ္ပဏီကို ဧပြီ ၂၀ ရက်ကပဲ သတိပေးခဲ့ပါသေးတယ်။ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကတော့ ဒီကိစ္စတွေ ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ “အကောင်းဆုံးကတော့ အခု ဖြစ်ပျက်နေတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လာဘ်ပေး လာဘ်ယူ ဥပဒေအဖြစ်သတ်မှတ်ပြီး နောက်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအဖြစ် ပြောင်းလဲခဲ့တဲ့ ဥပဒေကို မြန်မာနိုင်ငံအခြေအနေနဲ့အညီ ပြန်လည်သုံးသပ်ပြီးတော့ ဥပဒေရဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အဂတိလိုက်စားမှု တားမြစ်နိုင်တဲ့အချက်တွေကို တိတိကျကျ ရေးခြင်းအားဖြင့် ယိုပေါက် ဟာပေါက်တွေကို ပိတ်ဆို့နိုင်မယ်လို့ ယူဆပါတယ်” အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေဖို့အတွက် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးပြီး ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်/တိုင်း အစိုးရတွေထံကို ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲနဲ့ ပေးပို့ ဖြန့်ဝေခဲ့တဲ့ “လက်ဆောင် ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” မှာ ““ကျပ်ငွေနှစ်သောင်းခွဲထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ်တစ်သိန်း တန်ဖိုးထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အကျုံးမဝင်သူများ)ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ (တသိန်း) ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။” လို့ပါရှိပါတယ်။
5 years Ago
Up