Singer Laren ပြတိုက်

May 3, 2020

Singer Laren ပြတိုက်ရှိ ဗန်ဂေါပန်းချီကားအား ခိုးယူသွားသည့်ရုပ်သံမှတ်တမ်း ထွက်ပေါ်(ရုပ်သံ)

နယ်သာလန် Singer Laren ပြတိုက်ရှိ ဗန်ဂေါပန်းချီကားကို ခိုးယူသွားသည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပါတယ်။ နယ်သာလန်နိုင်ငံမှာရှိတဲ့ Singer Laren ပြတိုက်ထဲကို မတ် ၃၀ ရက်က သူခိုးတွေ ဝင်ရောက်ခဲ့ပုံကို လုံခြုံရေးမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။  မှတ်တမ်းတွေအရ သူခိုးတွေဟာ မှန်တံခါးတွေကို ခွဲပြီး ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂေါ လက်ရာ ပန်းချီကားတချပ်ကိုလည်း ခိုးယူသွားပါတယ်။  တူတခုကို ကိုင်လာတဲ့ သူခိုးတယောက်ဟာ ပြတိုက်ရဲ့ လက်ဆောင်ပြခန်းကနေတဆင့် မှန်တံခါးကိုခွဲပြီး ပင်မပြခန်းထဲကို ဝင်ရောက်ခိုးယူသွားခဲ့တာပါ။ ဒီခိုးယူမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဟာ မတ် ၃၀ ရက် မနက် ၃ နာရီ ၁၅ မိနစ်မှာ သတင်းပေးမှုရရှိခဲ့ပြီး ၁၅ မိနစ်အကြာမှာ အခင်းဖြစ်ရာကို ရောက်ရှိသွားခဲ့ပေမယ့် ပန်းချီကားဟာ ပါသွားခဲ့ပြီလို့ ပြောပါတယ်။  ခိုးယူခံခဲ့ရတဲ့ ပန်းချီကားဟာ Lentetuin ဒါမှမဟုတ် Spring Garden လို့ခေါ်ပြီး နူနန်မြို့က တရားဟောဆရာတဦးရဲ့ ပန်းဥယျာဉ်ကို ရေးဆွဲခဲ့တဲ့ ၁၈၈၄ ခုနှစ်က ပန်းချီကားတချပ် ဖြစ်ပါတယ်။  ဒီပန်းချီကားကို နယ်သာလန်နိုင်ငံ Groninger ပြခန်းကနေ ခေတ္တငှားရမ်းထားတာလည်း ဖြစ်ပါတယ်။ ဒီပန်းချီကားကို မြန်မြန်ပြန်ပေးဖို့ကိုလည်း ပြခန်းတာဝန်ရှိသူတွေက တောင်းဆိုထားပြီး ပန်းချီကားကို အင်တာပိုရဲ့ ပျောက်ဆုံးနေတဲ့ အနုပညာလက်ရာများ စာရင်းမှာလည်း ထည့်သွင်းထားပြီး ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် နယ်သာလန်နိုင်ငံတွင်းက ပန်းချီပြခန်းတွေကို မတ်လ ၁၂ ရက်ကတည်းက  ပိတ်ထားရပါတယ်။ 
11 months Ago
Up