သဘာဝလွန် သွေးပျက်ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းမြင်ကွင်းတွေနဲ့ ဟောလိဝုဒ်ရုပ်ရှင်-Candyman ကို ရုံတင်ပြသမယ့် ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရုံတင်ရက်တွေ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ ဒီကားကို ခုတခါမှာတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၇ ရက်မှာ ရုံတင်နိုင်ဖို့ ကြေညာထားတာပါ။
ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures ကနေ တင်ဆက်လိုက်တာဖြစ်ပြီး မနှစ်က ရုံတင်ပြသခဲ့တဲ့ Little Woods ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Nia DaCosta က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Candyman ရုပ်ရှင်ရဲ့နောက် ၄ ကားမြောက် နောက်ဆက်တွဲ ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဟောလိဝုဒ်လူ မည်းသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Yahya Abdul-Mateen II ၊ Teyonah Parris ၊ Nathan Stewart-Jarrett နဲ့ Colman Domingo တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။
ဒီရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်းပဲ မှန်ရှေ့မှာ Candyman ဆိုတဲ့ နာမည်ကို ၅ ကြိမ်ခေါ်လိုက်တာနဲ့ လက်မှာ ချိတ်ကောက်ကြီးနဲ့ Candyman ရောက်လာပြီး လာသတ်မယ်ဆိုတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ခုအသစ်ထွက်ရှိလာမယ့် ဇာတ်ကားသစ်ထဲမှာ ဘာတွေထပ်ပါဦးမလဲ၊ ဘယ်လိုတွေ ဆန်းသစ်ထားမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု ကြရမှာပဲ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted-R အဆင့် သတ်မှတ်ထားပါတယ်။
ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
အစပိုင်းတုန်းက ဇွန်လ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ရည်မှန်းထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် စက်တင်ဘာ, အောက်တိုဘာလတွေထိ ရွှေ့ဆိုင်းခဲ့ရတဲ့ ဒီကားကို လတ်တလောမှာတော့ အချိန် ၁၀ လ ထပ်မံပြီးတော့ ရွှေ့ဆိုင်းလိုက်တာမို့ လာမယ့် ၂၀၂၁ ခုနှစ်မှသာ ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
2 years Ago