Ready Player One

March 29, 2018

ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်ရဲ့လက်ရာသစ် Ready Player One ရုပ်ရှင်

သက္ကရာဇ် ၂၀၄၅ ခုနှစ်မှာ လူဦးရေထူထပ်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ရာသီဥတု ပြောင်းလဲမှုတွေနဲ့အတူ ကမ္ဘာကြီးရဲ့ လူဦးရေ များပြားတဲ့ နေရာတွေဟာ ဆင်းရဲသားရပ်ကွက်နဲ့တူတဲ့ မြို့ကြီးတွေ ဖြစ်လာပါတယ်။ လူတွေကလည်း သူ့တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အနိဌာရုံ မြင်ကွင်းတွေဆီကနေ လွတ်မြောက်ဖို့အတွက် OASIS လို့ခေါ်တဲ့ Virtual Reality (VR) ကမ္ဘာထဲကိုဝင်ပြီး အလုပ်အကိုင်၊ ပညာရေးနဲ့ ဖျော်ဖြေရေး စတာတွေကို လုပ်ဆောင်ကြပါတယ်။ ဒီလိုနဲ့ တနေ့မှာ OASIS ကို ဖန်တီးသူ James Halliday တယောက် သေဆုံးသွားပြီး အဲဒီနေ့မှာပဲ Halliday ရဲ့သေတမ်းစာ ဗွီဒီယိုဖိုင်က လူတွေအားလုံးဆီကို သတင်းကြေညာသလို ရောက်သွားပါတယ်။ သေတမ်းစာအရ OASIS ထဲမှာ သူဖန်တီးခဲ့တဲ့ "Anorak's Quest" ဆိုတဲ့ ဂိမ်းကို အောင်မြင်တဲ့သူတယောက်က သူ့ရဲ့အမွေတွေနဲ့ OASIS ကို ပိုင်ဆိုင်ခွင့်အာဏာရရှိမှာ ဖြစ်ပါတယ်။ ဂိမ်းကတော့ Easter Egg ဆိုတဲ့ လျှို့ဝှက်ရတနာကိုရှာဖို့ ဂိမ်းအဆင့်ဆင့်ကို ကျော်ဖြတ်ရမှာပါ။ ဒီလိုနဲ့ Easter Egg ရှာသူတွေ ပေါ်လာပါတယ်။ တဖက်မှာလည်း IOI ဆိုတဲ့ VR နဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ စီအီးအို Nolan Sorrento ကလည်း လူစုဆောင်းပြီး Easter Egg ကို ရှာနေပြန်ပါတယ်။ သူကတော့ ကိုယ်ကျိုးအာဏာကို လိုချင်လို့ ရှာဖွေတဲ့လူပါ။ ဒီလိုနဲ့ နှစ်နဲ့ချီပြီး ဘယ်သူမှ Easter Egg ရှာလို့မတွေ့ကြပါဘူး။ အဲဒီအချိန်မှာပဲ Wade Watts ဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးတယောက်က Eater Egg ကိုရှာတွေ့ဖို့ ပထမဆုံးသော့နဲ့ နောက်ထပ်တဆင့်အတွက် သဲလွန်စကို ရှာတွေ့သွားပါတယ်။ သူနဲ့အတူ Aech၊ Art3mis၊ Daito နဲ့ Shoto ဆိုတဲ့ ဂိမ်းဆော့တဲ့သူတွေလည်း သူ့နောက်ကိုလိုက်လို့ အဆုံးထိအောင်နိုင်ဖို့ ကြိုးစားရင်း IOI လို အာဏာရှင်လက်ထဲကနေ OASIS ကို ကယ်တင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒီဇာတ်ကားကတော့ စာရေးဆရာ Ernest Cline ရဲ့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ စာအုပ် "Ready Player One" ကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ Steven Spielberg က ပြန်လည်အသက်သွင်းထားတာပါ။ သိပ္ပံအက်ရှင် စွန့်စားခန်း အမျိုးအစားဖြစ်ပြီး Spielberg ရဲ့ သိပ္ပံဇာတ်ကားကို ဆာလောင်နေသူတွေအတွက်လည်း အာသာပြေစေမယ်လို့ မျှော်လင့်ပါတယ်။ ဒီကားထဲမှာ မြန်မာပြည်က ကောင်မလေးတွေအသည်းစွဲ မိုရီဆာကီဝင်း (ခေါ်) အဝင်းလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ မကြာခင် ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာလည်း ပြတော့မှာပါ။ ဒါရိုက်တာ - Steven Spielberg သရုပ်ဆောင်များ - Tye Sheridan, Olivia Cooke, Ben Mendelsohn, T. J. Miller, Simon Pegg, Mark Rylance, Lena Waithe, Win Morisaki ကြာမြင့်ချိန် - ၂ နာရီ ၂၀ မိနစ် ရုပ်ရှင်အဆင့်သတ်မှတ်ချက် - PG-13 (အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအတွက် မသင့်တော်တဲ့ အခန်းတွေ ပါဝင်နိုင်တဲ့အတွက် မိဘရဲ့ အုပ်ထိန်းမှုနဲ့ ကြည့်သင့်ပါတယ်။) ကျော်နေသွေး
3 years Ago
Up