RCSS/SSA နှင့် TNLA နမ္မတူမြို့နယ်၌ တိုက်ပွဲဖြစ်၊ ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ

July 17, 2018

RCSS/SSA နှင့် TNLA နမ္မတူမြို့နယ်၌ တိုက်ပွဲဖြစ်၊ ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စုအတွင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဇူလိုင် ၁၆ ရက် မနေ့က တိုက်ပွဲဖြစ်ပွား ခဲ့တာကြောင့် ရွာပေါင်း ၆ ရွာက ပြည်သူလူထု ၁၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင် နေရပါတယ်။ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ နောင်ငင်း၊ နားဟုတ်၊ မန်မိုင်၊ ဆန်ခါ၊ ကောင်းဟုန်း၊ လုံမိတ်၊ မိုင်းမုကျေးရွာတွေဖြစ်ပါတယ်။ စစ်ဘေးရှောင်လာသူ စိုင်းထွန်းလှိုင်က "မနေ့ မနက်ပိုင်း တောင်ယာသွားချိန် ၈ နာရီ လောက်က မိုင်းမုကျေးရွာအရှေ့ဘက်မှာ သေနတ်သံတွေကြားရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ တရွာလုံး မန်စံရွာဘက်ကို တိမ်းရှောင်လာတာပါ။ မွန်းလွဲ ၁ နာရီကနေ ညမိုးချုပ်ထိလည်း ကျနော်တို့ ရောက်နေတဲ့ မန်စံရွာကနေ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရပါတယ်" လို့ ပြောပါတယ်။ စစ်ဘေးတိမ်းရှောင်နေသူတွေဟာ နမ္မတူမြို့နယ်၊ မန်စံကျေးရွာက မူလ မင်းကွန်း ဇေတဝန်ကျောင်းတိုက်၊ ပန်လုံကျေးရွာ မြောက်ကျောင်းတိုက်၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာက တာဟေးခမ်းကျောင်းတိုက်တွေမှာ ခိုလှုံနေကြရပါတယ်။ ဓာတ်ပုံ-ခွန်ဇော်ဦး
3 years Ago
Up