RCSS တပ်ဖွဲ့

A d v e r t i s e m e n t With Us

March 26, 2020

မိုင်းတုံမြို့နယ်တွင် တပ်မတော်နှင့်  RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား 

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ထဲမှာ တပ်မတော်လှုပ်ရှားစစ်ကြောင်းနဲ့ RCSS ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားပြီး  တပ်မတော်ဘက်က စစ်သည် ၁ ဦး ကျဆုံးသွားတယ်လို့ RCSS ဆက်ဆံရေးရုံးက ပြောပါတယ်။ မိုင်းတုံမြို့နယ်၊ ဖာချယ်ကျေးရွာအုပ်စု၊  မုံးအစ်ကျေးရွာအနီး ဟိုနမ့်တောင်ကုန်းမှာ တပ်စွဲထားတဲ့ RCSSတပ်ဖွဲ့နဲ့ မိုင်းဆတ်မြို့ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၅၁၉ မှ အင်အား ၄၀ ခန့်ရှိ စစ်ကြောင်းက  နယ်မြေရှင်းလင်းစဉ် ထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။ မိုင်းတုံအခြေစိုက် RCSS ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီးစိုင်းကောင်းက  " တပ်က ဖာချယ်ရွာကနေ ပန်ကျိုင်းရွာ၊ မုံးအစ်ရွာလမ်းကြောင်းအတိုင်းလာပြီး ဟိုနမ့်တောင်ကုန်းထိပ်က ကျနော်တို့စခန်းကို လာတိုက်လို့ တိုက်ပွဲဖြစ်ရတာလို့သိရပါတယ်၊ အသေးစိတ်တော့ မသိသေးပါဘူး''လို့ ပြောပါတယ်။ RCSS(SSA)တပ်ဖွဲ့ဟာ အစိုးရနဲ့ အန်စီအေ စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပေမယ့် နောက်ပိုင်း ရှမ်းပြည်နယ်အတွင်း အခြေချစခန်းငယ်တွေ တည်ဆောက်လာမှုကြောင့် တပ်မတော်ဘက်က နယ်မြေရှင်းလင်းခဲ့ရာ ​RCSSက စတင်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တပ်မတော်အရာရှိတစ်ဦး ပြောပါတယ်။  သတင်း- အောင်ဇေယျ
11 months Ago
Up