Quarantine Center

September 20, 2020

သင်္ဃန်းကျွန်း Quarantine စင်တာတခုတည်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော်တွေ့ရှိ

အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာကနေ သင်္ဃန်းကျွန်း ဆရာအတတ်သင်ကျောင်း Quarantine စင်တာ ပို့ထားတဲ့သူတွေကို စစ်ဆေးရာကနေ လူပေါင်း ၅၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က DVB ကို ပြောပါတယ်။ သူတို့ ၅၀ ကျော်ကို ဓာတ်ခွဲနမူနာယူ စစ်ဆေးရာက ပိုးတွေ့ခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ မနေ့ညနဲ့ ဒီမနက်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာ စုစုပေါင်း ၆၄၂ ယောက်ထဲမှာ ပါဝင်လာတာလို့ သိရပါတယ်။ “အဲဒီ ကွာရန်တင်းထဲက ၅၂ ယောက် ထိတယ်လို့ သိရတယ်။ အကုန် သင်္ဃန်းကျွန်းကပဲ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ Music Zone က ပိုးတွေ့မှုနှုန်း တရှိန်ထိုးတက်လာတဲ့ သင်္ဃန်းကျွန်းမြို့နယ်ဟာ လက်ရှိမှာလည်း ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်ပြီး ဒီနေ့မနက်အထိ ပိုးတွေ့လူနာ စုစုပေါင်း ၄၀၀ လောက် ရှိနေပါတယ်။ လက်ရှိမှာလည်း သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ Quarantine စင်တာ ၃ ခုအထိ ဖွင့်ထားပြီး လူနာတွေနဲ့ ထိတွေ့သူတွေကို ထားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးတွေ့လူနာတွေနဲ့ပတ်သက်ပြီး နေအိမ်တိုက်ခန်းတွေ အပါအဝင် နေရာ ၅၀ ကျော်ကို လော့ဒေါင်းလုပ်ထားပြီး လော့ဒေါင်းဧရိယာအတွင်း နေထိုင်သူတွေကို ကူညီ ထောက်ပံ့ပေးနေပါတယ်။
1 year Ago

September 19, 2020

ပုသိမ် အထည်ချုပ်စက်ရုံကပြန်လာသည့် ငပုတောမြို့နေ အလုပ်သမား ၅၃ ဦးကို Quarantine စင်တာပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ မြန်မာနစ်တင်းအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ ငပုတောမြို့နယ်က အလုပ်သမား ၅၃ ဦးအား Quarantine စင်တာတွေကို ပို့လိုက်တယ်လို့ သိရပါတယ်။ မြန်မာနစ်တင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ သံသယရှိတာကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက အလုပ်ဆင်းချိန် ငပုတောမြို့ဝင်ဂိတ်မှာ အုပ်ချုပ်ရေးမှူးအပါအဝင် မြို့နယ်ကိုဗစ်ကော်မတီနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက တားဆီးပြီး Quarantine စင်တာ ၃ ခုကို ပို့ဆောင်ခဲ့တာလို့ ငပုတော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက DVB ကို ပြောပါတယ်။ “ဒေသခံပြည်သူက သူတို့ကို ပြန်လက်မခံချင်တော့ဘူး။ အဲ့ဒါကြောင့် ကျနော်ကိုယ်တိုင် မြို့ဝင်ဂိတ်မှာစောင့်ပြီး တခြားကော်မတီတွေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး စောင့်ကြည့် စင်တာ ၃ ခုကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့နေရာတွေအားလုံးက ရေရောမီးရော အဆင့်သင့်ရှိတဲ့ နေရာတွေကို ပို့ပေးခဲ့တာပါ။” အလုပ်သမား ၅၃ ဦးကို နေထိုင်ရေးနဲ့ အစားအသောက်အတွက် တာဝန်ယူပေးမှာဖြစ်ပြီး  ကျန်းမာရေးစောင့်ရှောက်မှု နေ့စဉ်ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။  မြန်မာနစ်တင်းအထည်ချုပ်စက်ရုံက သံသယလူနာကို စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးထားတယ်လို့ စက်ရုံမန်နေဂျာ ဦးသက်နိုင်က DVB ကို ပြောပါတယ်။ “သူ့ရဲ့ အစ်မမှာ ရောဂါပိုးတွေ့တာ၊ ဒါပေမဲ့ အတူမနေတာကြာပြီ။ ထိတွေ့မှုတွေ ရှိမှာစိုးလို့ အသွားအလာကန့်သတ်ပြီး ရောဂါပိုးစစ်ဆေးတာတွေ ပြုလုပ်ထားပါတယ်။ ပြီးတော့ ခု အသွားအလာ ကန့်သတ်ခံထားရတဲ့သူတွေနဲ့ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးထားတဲ့သူ အလုပ်လုပ်တဲ့ နေရာခြင်းတော့ သက်ဆိုင်မှုမရှိပါဘူး။” ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၈ ဦး ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago

လောင်းလုံးမြို့နယ် quarantine စင်တာမှ ထွက်ပြေးသွားသူကို တာဝန်ရှိသူများ ရှာဖွေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ quarantine စင်တာက စက်တင်ဘာ ၁၇ ရက်နေ့က ထွက်ပြေးသွားသူကို ပြန်ရှာမတွေ့သေးဘဲ ဆက်လက်ရှာဖွေနေတယ်လို့ စခန်းတာဝန်ခံ ဦးသန့်လွင်က ပြောပါတယ်။ ထိုင်းနိုင်ငံမှပြန်လာတဲ့ အဲဒီအမျိုးသားဟာ အင်းဇောက်ကျေးရွာအုပ်စု ကုန်းဇရပ်ရွာသားဖြစ်ပြီး စက်တင်ဘာ ၇  ရက်နေ့က quarantine စဝင်တယ်လို့ ဆိုပါတယ်။  သူဟာ နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုရှိတာကြောင့် ရဲခေါ်ပြီး ထိန်းရတာတွေလည်းရှိတယ်လို့ စခန်းတာဝန်ခံဦးသန့်လွင်က ပြောပါတယ်။ “၁၀ ရက်လောက်ကြာမှ ဆေးစစ်ဖို့ နမူနာယူတယ်၊ နောက်နေ့မှာပဲ ထွက်ပြေးသွားတယ်၊ သူ့ညီလေး ဖုန်းဆက်ပြောမှ ထွက်ပြေးမှန်း သိရတယ်။ အဝတ်အိတ်တွေ ထားခဲ့တယ်၊ မနက်စာစားပြီး ၈ နာရီလောက်က ထွက်သွားတယ်လို့ သိရပါတယ်။ ဘယ်ကနေ ထွက်သွားမှန်း မသိဘူး၊ ဂိတ်လည်းရှိတယ်။ ဂိတ်‌ပေါက်ကနေ ထွက်လာတာလည်း မတွေ့ရဘူး။ အုတ်တံတိုင်းကျော်ပြီး ထွက်သွားတာ ဖြစ်မယ်။” ထွက်ပြေးသွားသူကို မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတွေက လိုက်ရှာနေပြီး တွေ့ရှိပါက စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်ကပြန်လာ‌သူတွေ သတင်းမပို့ဘဲ အိမ်မှာနေတဲ့သူတွေလည်း ရှိသလို quarantine ဝင်ဖို့ပြောဆိုရာမှာ လက်မခံချင်ဘဲ Home quarantine ပဲ ဝင်မယ်လို့ ပြန်လည်ပြောဆိုတာတွေရှိတာကြောင့် စည်းကမ်းထိန်းသိမ်းရေးပိုင်းမှာ အဓိက အခက်အခဲရှိတယ်လို့ ဦးသန့်လွင်က ပြောပါတယ်။ “အရက်ခိုးသောက်တာတို့ အရက်လာပို့တာတို့ ရှိတယ်။ တခါတလေ ပစ္စည်းတွေလာပို့ရင် အစ်ကိုတို့ စစ်ဖို့က အဆင်မပြေဘူး။ ကိုယ့်လက် ကိုယ့်ခြေနဲ့ သွားယူဖွင့်ကြည့်လို့မရဘူးလေ။ ထိန်းရကျောင်းရတာ အခက်အခဲရှိတာပေါ့နော်။” လောင်းလုံးမြို့နယ် မိုးကုတ်ရိပ်သာ quarantine စခန်းမှာ ၄၁ ဦးရှိပြီး ဒီနေ့အထိ positive အဖြေထွက်သူ မရှိသေးဘူးလို့ သိရပါတယ်။ ကောင်းထက်အောင်
1 year Ago
More News
Up