Pre-wedding ရိုက်ကူးမှု

March 5, 2020

မြနန်းစံကျော်ရွှေနန်းတော်ကို ခန်းမပုံစံ ပြင်ဆင်ပြီး Pre-wedding ရိုက်ကူးမှု ကန့်ကွက်ရှုတ်ချ

မန္တလေးနန်းတွင်း မြနန်းစံကျော်ရွှေနန်းတော်ကို ခန်းမပုံစံ ပြင်ဆင်ပြီး မင်္ဂလာပွဲကြို pre-wedding ဓာတ်ပုံရိုက်ကူးတာကို ဘုရင့်ဆွေတော်မျိုးတော်တွေက ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။   မန္တလေးနန်းတွင်း မြနန်းစံကျော်ရွှေနန်းတော်မှာ ခုရက်ပိုင်းအတွင်း pre-wedding ရိုက်ကူးမှု တစ်ခုကိုပြုလုပ်သွားတာဖြစ်ပြီး ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ရိုက်ကူးတာဖြစ်ပေမယ့် သာမန်ရိုက်ကူးတာမဟုတ်ပဲ ခန်းမတစ်ခုပုံစံ အဆောင်အယောင်တွေပြင်ဆင်ပြီးရိုက်တာဖြစ်ပါတယ်။ အဲ့ဒီလိုရိုက်ကူးတာကို မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံးအပါအဝင် ဘုရင့် ဆွေတော်မျိုးတော်တွေက ကန့်ကွက်ရှုံ့ချကြောင်းနဲ့ ဒီလိုရိုက်ကူးတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး မလုပ်သင့်မလုပ်ထိုက်တာကို လုပ်တာလို့ ကနောင်မင်းသားကြီး၏ တီတော် ဦးတင်မျိုးသန့်က ပြောပါတယ်။ အရင်ကလည်း  မြနန်းစံကျော်ရွှေနန်းတော်ကို Historical Park အဖြစ်လုပ်ဆောင်ဖို့ တင်ဒါခေါ်တာတွေရှိခဲ့ပြီး ကန့်ကွက်ခဲ့တယ်လို့  မြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံး အတွင်းရေးမှူး မက္ခရာသီဟ ကပြောပါတယ်။  မြနန်းစံကျော်ရွှေနန်းတော်မှာ မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက်နှစ်ပတ်လည်အဖြစ် ပြုလုပ်တဲ့ မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲလုပ်မယ်ဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး အပါအဝင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့  ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်တောင်းခံရတယ်လို့ သိရပါတယ်။ မြနန်းစံကျော်ရွှေနန်းတော်ကို ခန်းမပုံစံ ပြင်ဆင်ပြီး pre-wedding ရိုက်ကူးတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ မသိရသေးဘူးလို့ ရှေးဟောင်းသုတေသန နဲ့အမျိုးသားပြတိုက်ဦးစီးဌာနကို တာဝန်ယူထားရတဲ့ မန္တလေးတိုင်းဒေသကြီး သယံဇာတနဲ့ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးမျိုးသစ်က ပြောပါတယ်။ သတင်း- နိုင်လင်းဦး
1 year Ago
Up