မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးမျောက်မျိုးစိတ်သစ်တစ်မျိုးကို မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပားဒေသမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဂျာမနီနိုင်ငံ၊ ပရိုင်းမိတ်သုတေသနစင်တာ The German Primate Centre (DPZ)နဲ့ မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ Fauna & Flora International (FFI) တို့က ဦးဆောင်ကာ ပြည်တွင်းပြည်ပက တက္ကသိုလ်၊ ပြတိုက်တွေက ပညာရှင်တွေ ပူးပေါင်းလေ့လာပြီး သုတေသနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီမျောက်တွေအား ပုပ္ပားဒေသကိုအစွဲပြုပြီး Popa langur လို့ အမည်ပေးထားကာ အရွက်စားတဲ့ ရှားပါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။
သူရဲ့ မီးခိုးရောင်အမွေးတွေနဲ့အတူ ထူးခြားတဲ့ မျက်နှာပုံစံနဲ့ အသွင်လက္ခဏာတွေရှိပြီး ဒေသရင်းမျိုးစိတ် (Endemic Species) ကတော့ မြန်မာနိုင်ငံမှာပဲဖြစ်ပါတယ်။
စုစုပေါင်း အကောင်အရေအတွက် ၂၀၀ နဲ့ ၂၅၀ ကြားမှာ ရှိပြီး၊ ပုပ္ပါးဒေသအပါအဝင် ပဲခူးရိုးမ၊ ပန်းလောင်ပြဒါးလင်း၊ ရသေ့ပြန်တောင် စတဲ့နေရာတွေမှာ တွေ့ရတယ်လို့ WCS Myanmar က ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ စုစုပေါင်း langur မျိုးစိတ် ၂၀ ကျော်ရှိပြီး၊ တချို့ဟာ အလွန်အမင်းမျိုးတုံး ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာလည်း တရားမဝင်အမဲလိုက်တာနဲ့ သစ်တောတွေ ပျက်ဆီးဆုံးရှုံးတာ စတာတွေကြောင့် မြန်မာ့တောတောင် မြစ်ချောင်းတွေမှာ တောရိုင်းတိရစ္ဆာန်တွေဟာ တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းပျောက်ကွယ်လာနေပြီး ရှားပါးမျိုးစိတ်တွေ မျိုးတုံးမှု အန္တရာယ်နဲ့ နှစ်စဉ်ရင်ဆိုင်နေရပါတယ်။
ကိုးကား- The Guardian
သတင်း- အိအိဖြိုး/ ဓာတ်ပုံ- - Thaung Win
2 years Ago