PNO

May 26, 2022

PNO အဖွဲ့ထဲ စစ်မှုထမ်းရန် ပအိုဝ်းရွာတရွာလျှင် ၃ ယောက်နှုန်းဖြင့် တပ်သားသစ် ခေါ်ယူနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ ဟိုပုံးမြို့ကြားရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပလီကင်းကျေးရွာမှာ မေ ၂၅ ရက် မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် PNO အဖွဲ့က ပြည်သူ့စစ်ထဲဝင် စစ်မှုထမ်းဖို့ ကျေးရွာတရွာကို ၃ ယောက်နှုန်းနဲ့ လိုက်လံခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

PNO ပြည်သူ့စစ်တပ်ထဲကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အရွယ်ကောင်း ပအိုဝ်းတိုင်းရင်းသား အမျိုးသားတွေကို စစ်သားအဖြစ် စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ပြီး တရွာကို ၃ ယောက်နှုန်း ပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပအိုဝ်းတိုင်းရင်းသားတွေအပေါ် လုံခြုံရေးစရိတ် တအိမ် ကျပ် ၃ သောင်း ကောက်ခံမှုတွေ ရှိနေတယ်လို့ ဒေသခံ ပအိုဝ်းတိုင်းရင်းသူတဦးက ပြောပါတယ်။

"ပြည်သူတွေ ဆန့်ကျင်နေလည်း မရပါဘူး။ ကျမအမျိုးသားလည်း စာရင်းထဲပါတယ်။ အခုမှ ကျမတို့ အိမ်ထောင်ကျခါစပဲ ရှိသေးတယ်။ အမျိုးသားက စစ်ထဲမသွားမနေရဆိုတော့ ညားခါစ ကျမက ဘာလုပ်ရမှန်း ဘာပြောရမှန်း မသိတော့ပါဘူး။ တခြားလူတွေလည်း အဲဒီအမိန့်ကို လက်မခံနိုင်လို့ ကန့်ကွက်ကြပေမဲ့ မရကြပါဘူးရှင့်။ ကျမတို့က စစ်အာဏာရှင်ကို အစကတည်းက လုံးဝကို ဆန့်ကျင်တယ်။ အခုဟာက PNO လုပ်ရပ်ကြောင့် ပြည်သူတွေ ငတ်လာတာပဲလားလို့ ပြောချင်ပါတယ်။ PNO နဲ့အတူ စစ်အာဏာရှင်ကို ထောက်ခံတဲ့ တခြားပအိုဝ်းတချို့ ရှိပါတယ်။ PNO ကို ထိရင် နာကြသူတွေပေါ့။ ဒါဆို သူတို့တွေကို ခေါ်လေ။ ကျမတို့ကတော့ စစ်အာဏာရှင်ကို လုံးဝဆန့်ကျင်သူတွေပဲ။" 

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိသူ အမျိုးသားတိုင်း မဖြစ်မနေ PNO ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်ရမှာဖြစ်ပြီး ၃၅ နှစ် အထက်ပိုင်းတွေကိုတော့ ရွာလုံခြုံရေး ကင်းစောင့်ဖို့အတွက် ခေါ်ယူနေတာပါ။

အဲဒီလို ခေါ်ယူမှုအပေါ် ငြင်းဆန်သူတွေအနေနဲ့ ကျပ် ၄၅,၀၀၀ ပေးဆောင်ရမယ်ဆိုတဲ့ တောင်းဆိုမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုထိတော့ မဝင်ရင် ဘာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တာတော့ မရှိသေးဘူး။ စစ်ထဲဝင်ဖို့ တရွာ ၃ ယောက်ကို မဲနှိုက်ရွေးချယ်ထားပြီးပြီ။ မဲနှိုက်တဲ့ အစည်းအဝေးကို မလာနိုင်သူတွေလည်း စာရင်းထဲပါတယ်။ နေ့စေ့လစေ့ ကိုယ်ဝန်နဲ့ အမျိုးသမီးတွေကလည်း သူတို့ယောကျ်ားတွေ စစ်မှုထမ်းစာရင်းထဲပါတော့ ငိုယိုတောင်းပန်ကြပေမဲ့လည်း မရဘူး။ ရွာသူကြီးက အတင်းသွားခိုင်းတယ်။ PNO ထောက်ခံသူတွေကတော့ လိုက်ကြမယ်ဆိုတော့ ပြောစရာစကားတောင် မဲ့သွားပါတယ်။”

ဒါ့အပြင် ရေတံခွန်ရွာ၊ သံပုရာပင်၊ ပေါမူ၊ ဇလဲ၊ ဖာမွန် စတဲ့ကျေးရွာတွေမှာလည်း တရွာကို အမျိုးသား ၃ ဦးစီ မဝင်မနေရ PNO ပြည်သူ့စစ်အဖွဲ့ထဲဝင်ပြီး စစ်မှုထမ်းဖို့ PNO အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လိုက်လံခေါ်ယူနေတယ်လို့ သိရပါတယ်။

6 months Ago

May 30, 2021

အကြမ်းဖက်စစ်အုပ်စုနှင့် မပူးပေါင်းရန် PNO ကို သတိပေး

ပအိုဝ်းအမျိုးသားအဖွဲ့(PNO)အနေနဲ့ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို သတ်ဖြတ်ဖို့ ကြံစည်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)က မေ ၂၉ ရက်မှာ သတိပေးတားမြစ်လိုက်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ဟာ စစ်တပ်လက်နက်ကိုင်ဌာနေပြည်သူ့စစ်တပ်ဖွဲ့ တစ်ခု ဖြစ်ပြီးသူထိန်းချုပ်ရာ နယ်‌မြေအတွင်းက ဒေသခံလူထုတွေရဲ့ မြေယာတွေကို ဥပဒေမဲ့သိမ်းဆည်းတာ အနိုင်ကျင့်ဗိုလ်ကျတာ စတဲ့လုပ်ရပ်တွေနဲ့ နာမည်ကျော်ဇောနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်း- ကယားနယ်စပ်မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက  PNO ပြည်သူ့စစ်အဖွဲ့ကို လက်ကိုင်တုတ်အဖြစ် အသုံးချနေပါတယ်။

1 year Ago
More News
Up