pnlo

September 9, 2021

“အမျိုးသားညီညွတ်ရေး မရယူနိုင်ရင် အားလုံးအတွက် အောင်ပွဲမရှိဘူး”- ခွန်မြင့်ထွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတဝန်း  အရေးပေါ်‌အခြေအနေကြေညာထားပြီး စစ်အာဏာရှင်က လှည်းနေလှေအောင် မြင်းဇောင်းမကြံ ခုခံတွန်းလှန်စစ်ဆင်နွှဲကြဖို့ တိုက်တွန်းထားပါတယ်။

ဒီအခြေအနေမှာ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့သဘောထားရပ်တည်ချက် ဘယ်လို ရှိပါသလဲ။ ဘာတွေရှေ့ဆက်လုပ်ဆောင်ဖို့ရှိနေပါသလဲ။ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ  ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO  ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အန်ယူဂျီရဲ့ စက်တင်ဘာ ၇ ရက်နေ့ တိုင်းပြည်ကို အရေးပေါ်အခြေအနေ အဖြစ်ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး  EAOs တွေအနေနဲ့ ဘယ်လို သဘောထားရှိလဲ ဆိုတာသိချင်ပါတယ်ရှင့်။

ဖြေ။ “ အန်ယူဂျီကနေ အခုလို အရေးပေါ်အခြေအနေ ကြေညာတာနဲ့ပတ်သက်ရင် ဒါ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့  ဒါသူတို့ရဲ့ ဒီနေ့ ထူးခြားတဲ့အခြေအနေအောက်မှာ နိုင်ငံရေးတောင်းဆိုချက်အရ သူတို့ ကြိုးပမ်းဆောင်ရွက်မှုအနေနဲ့ ဒါကို ကျနော်တို့က ဒီလိုသဘောထားပါတယ်။ ”

မေး။ အန်ယူဂျီအစိုးရ အရေးပေါ်ကြေညာချက်ထဲမှာ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ ပါဝင်ကြဖို့ တိုက်တွန်းထုတ်ပြန်ထားတာတွေရှိတော့ EAOs လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ကော ဒီအန်ယူဂျီအစိုးရနဲ့ ပူးပေါင်းပါဝင်ဖို့ရှိလား ဘာလိုမျိုးဆုံးဖြတ်ချက်တွေရှိလဲ။

ဖြေ။ “ အဲဒါကတော့ အခုနကျနော်ပြောသလို ဒီပေါ်မှာ ကျနော်တို့က အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံရေးထူးခြားတဲ့အခြေအနေမှာ နိုင်ငံရေးတောင်းဆိုချက်အရ သူတို့ကြိုးပမ်းဆောင်ရွက်တယ်။ နောက်တခုကတော့ ကျနော်တို့ ဒီလိုတောင်းဆိုတဲ့ပေါ်မှာ ကတော့ PPST တခုလုံးအနေနဲ့ ကျနော်တို့ ဆုံးဖြတ်ဆောင်ရွက်တာမျိုးအနေနဲ့ကတော့ ဒီအပေါ်မှာ အားလုံးဆုံးဖြတ်ပြီးဆောင်ရွက်တာရယ်လို့ မရှိပေမယ့် တဖွဲ့ချင်းအလိုက်၊ မိမိတို့အဖွဲ့တွေရဲ့ အခြေအနေတွေအလိုက် ကိုယ်အခြေအနေ ကိုယ့်အနေအထားနဲ့ကိုယ် ဆောင်ရွက်နေတာတော့ နဂိုကတည်းကိုက ဆောင်ရွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အချိန်ကတည်းကိုက PPST ဟာ CRPH နဲ့ပတ်သက်ရင် အစုအဖွဲ့လိုက်ဖြစ်၊ တဖွဲ့ချင်းအလိုက်ဖြစ်စေ၊ ကျနော်တို့ ဆက်စပ်ညှိနှိုင်းပြီးတော့ ပံ့ပို့ဆောင်ရွက်သွားမယ်ဆိုတာ နဂိုကတည်းက ကျနော်တို့ သဘောထားချမှတ်ပြီးသားဖြစ်ပါတယ်။ ”

 မေး။ စက်တင်ဘာလ ၇ ရက်နေ့ PPST အစည်းအဝေးစတင်ပြုလုပ်တဲ့အချိန်မှာ PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်ရဲ့ အဖွင့်မိန့်ခွန်းမှာ အန်စီအေလမ်းကြောင်းအတိုင်းပဲ သွားမယ်ဆိုတဲ့ ပုံစံမျိုးပြောတယ်။ ဒီအပေါ် တချို့တွေကလည်း ဒီအန်စီအေဟာ ပျက်ပြယ်သွားပြီဆိုတာတွေလည်း ပြောဆိုထားတာတွေတယ်။ ဆိုတော့ ဘာလို့ အန်စီအေလမ်းကြောင်းအတိုင်းဆွေးနွေးချင်ရတာလဲဆိုတဲ့ ဝေဖန်မှုမျိုးတွေ ရှိနေတဲ့အပေါ် ဘာပြောချင်လဲ။

 ဖြေ။ “ ကျနော်တို့က အန်စီအေနဲ့ပတ်သက်ရင် အန်စီအေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပေါ့နော် ၊ ပြဋ္ဌာန်းထားတဲ့  စကားလုံးအတိုင်း တသွေမတိမ်းအကောင်အထည်ဖော်ဖို့တော့ ကျနော်တို့က ဒါကိုဆုပ်ကိုင်ထားတာ မရှိပါဘူး။ ဒါပေမဲ့ အန်စီအေရဲ့ အနှစ်သာရကိုတော့ ကျနော်တို့ ဆုပ်ကိုင်ထားတယ်။ အန်စီအေရဲ့အနှစ်သာရကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ အန်စီအေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ နောက်တခုက အန်စီအေထဲမှာ  ပြည်သူလူထုကို အကာအကွယ်ပေးရမယ်ဆိုတဲ့ဟာ ပါပါတယ်။ ဒါကြောင့်မို့လို ဒီနေ့ သဘာပတိရဲ့ နိဂုံးချုပ်မိန့်ခွန်းမှာလည်းပဲ  ကျနော်တို့ ဒီပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးရမယ်ဆိုတဲ့ဟာကို ကျနော်တို့ တိတိလင်းလင်း ကျနော်တို့ဒါကို ဖော်ပြပြီးတော့မှ သဘာပတိရဲ့  မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားထားတာရှိပါတယ်။ အဲတော့ ဒီကျနော်တို့ တိုင်းပြည်ရဲ ပြဿနာကိုတော့ ကျနော်တို့ ဒီနိုင်ငံရေးနည်းနဲ့ ဖြေရှင်းနည်းကို  ကျနော်တို့ ဒါကိုတော့ ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။”

“နောက်တခုက ဒီအပစ်ခတ်ရပ်စဲရေး ၄ လမှာပေါ့၊ Humanitarian ceasefire ဆိုပြီး အာဆီယံအထူးကိုယ်စားလှယ် ပြောလာတဲ့အပေါ်  ကျနော်တို့ သဘာပတိရဲ့ အဖွင့်မိန့်ခွန်းမှာ ဖော်ပြခဲ့တယ်။ ဒီနေရာမှာ နှစ်ပိုင်းရှိပါတယ်။ ကျနော်တို့က ဒီ ၄ လတာ အပစ်ခတ်ရပ်စဲရေးကဒါ သီးခြားတခုဖြစ်ပြီးတော့ ကျနော်တို့ဒီ အမှန်တကယ် လိုအပ်နေတဲ့ ခက်ခက်ခဲခဲ လိုအပ်နေတဲ့ ကျနော်တို့ပြည်သူလူက အကူအညီရဖို့အတွက်ကို ကျနော်တို့က ကြိုဆိုတာ ဖြစ်ပါတယ်။ Humanitarian assistant ကိုတော့ ပေးဖို့ ကျနော်တို့ ကြိုဆိုတာဖြစ်ပါတယ်။ ၄ လအပစ်ခတ် ရပ်စဲရေးဆိုတာဟာကိုတော့ ဒါကျတော့ သဘောထားတရပ်ဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ သဘာပတိရဲ့ မိန့်ခွန်းထဲမှာ အဲဒီအချက်ကို ပြန်ပြီးတော့ နိဂုံးချုပ်မိန့်ခွန်းမှာ ပြန်ပြီး ဖော်ပြထားတာရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် ဒီအာဆီယံကနေပြီးတော့မှ  အမှန်တကယ်လိုအပ်နေတဲ့သူအတွက်ကို လူသားချင်းစာနာမှုအကူအညီ ပေးတာကိုတော့ ကျနော်တို့ ကြိုဆိုပါတယ်လို့ အဲလိုမျိုးပြန်ပြီးဖော်ပြထားတယ်။ နှစ်ခုခွဲပြီးတော့ မြင်ပေးပါ။ ”

မေး။ ဟုတ်ကဲ့ပါ။ နောက်တခုက ဒီ အန်ယူဂျီကနေ ကြေညာလိုက်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ ဒါက စစ်ကြေညာလိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ တချို့အနောက်နိုင်ငံက ခေါင်းဆောင်တွေ ဒါကိုအားမပေးဘူးဆိုတဲ့ဟာမျိုး၊ အာဆီယံကလည်း အပစ်ရပ် ၄ လ ပြောလာတဲ့အတွက် EAOs အနေနဲ့ ဒီလိုမျိုးဆောင်ရွက်ရတဲ့အခါမှာ ဘယ်လိုမျိုးအခက်အခဲ ရှိလာနိုင်လဲဆိုတာ ပြောပြပေးပါဦး။

 ဖြေ။ “ အော် ဒါကတော့ နိုင်ငံတကာကတော့ သူ့ရဲ့နိုင်ငံတကာက အခြေအနေနဲ့ ဒါ ပြောကြဆိုကြတာပေါ့။ အန်ယူဂျီဘက်ကလည်း သူ့မှာရှိနေတဲ့ နိုင်ငံရေးတောင်းဆိုချက်တွေအရ ဒါကိုဆောင်ရွက်ရတဲ့အပေါ်မှာ ကျနော်တို့ကတော့ နိုင်ငံတကာပြောကြားချက်တွေကို မှန်တယ်မှားတယ် ပြောဖို့မရှိပါဘူး။ ဒါသူတို့သဘောထားကို သူတို့ဖော်ပြတာဖြစ်ပြီးတော့ အန်ယူဂျီဘက်ကလည်း သူ့ရဲ့နိုင်ငံရေးတောင်းဆိုချက်အရ ဆောင်ရွက်ရတာလို့ပဲ ကျနော်မြင်ပါတယ်။ ”

 မေး။ နောက်တခု အခုနက PPST အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကိုပဲ အဓိက ဆုပ်ကိုင်သွားမယ်။ ဆက်ပြီးတော့ ဆုပ်ကိုင်သွားမယ်ဆိုတော့  စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ပတ်သက်ပြီး တစုံတရာ ကမ်းလှမ်းတာတို့၊ သူတို့ဘက်ကနေ ပြီးတော့ တွေ့ဆုံနိုင်ဖို့အတွက် လမ်းဖွင့်ပေးတာမျိုးကော ရှိလာရှင့်။

ဖြေ။ “ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်၊ ဆွေးနွေးကြမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ရင်ကျတော့ အခုပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့တုန်းကလည်း ကေအန်ယူ ဥက္ကဋ္ဌကြီး စောမူတူးဆေးဖိုးကနေပြီး ပေးပို့တဲ့သဝဏ်လွှာမှာပါတဲ့သဘောထားပါ။ ကျနော်တို့က တဖက်က တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့က လမ်းဖွင့်ထားတယ်။ သို့သော်လည်းပဲ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်သူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုတော့ ကျနော်တို့ ကာကွယ်ရမယ်ဆိုတဲ့သဘောထားဖြစ်ပါတယ်။ ”

မေး။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဖွင့်ထားတယ်ဆိုတော့  စစ်ကောင်စီဘက်ကနေပြီးတော့ တစုံတရာ တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းတာမျိုးရှိလား။ ဒီနေ့ဒီအချိန်ထိပေါ့။

ဖြေ။ “ သူတို့ကတော့ အခုနလို တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ဆိုတာတော့ သူတို့ ဘက်ကလည်း ကျနော်တို့ ဒီဟာနဲ့တွေ့ရေးကိုတော့ ပြောနေကြတာရှိတယ်။ ဒါပေမဲ့ ဘယ်လိုတွေ့ကြမလဲပေါ့။ ဘယ်လို အခြေအနေ အောက်မှာ ဘယ်လိုတွေ့ကြမလဲ ဒါကတော့ ကျနော်တို့ဆက်ဆွေးနွေးရမယ့်ကိစ္စတွေဖြစ်ပါတယ်။ အဲတော့ တွေ့တာကတော့ တွေ့လို့ရတယ်။ သို့သော် ဘယ်လိုအခြေအနေအောက်မှာ တွေ့ကြမယ်ဆိုတဲ့ဟာလည်း ရှိသေးတာကိုး။”

မေး။ အခု လောလောဆယ် သူတို့ကမ်းလှမ်းတာတော့ ရှိတာပေါ့အဲလိုမျိုးလား။

ဖြေ။ “ စစ်ကောင်စီဘက်ကလည်းကျနော်တို့ တဖွဲ့ချင်းအလိုက်ဖြစ်စေ၊ တခုကမ်းလှမ်းတာတွေ၊ တွေ့ကြတာတွေလည်း ရှိတယ်လေ။ တချို့ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်လလောက်က သွားတွေ့ကြတာမျိုးတွေ၊ တဖွဲ့ချင်းအနေနဲ့ သွားတွေ့ကြတာမျိုးတွေရှိတယ်။ သို့သော် တဖွဲ့ချင်းအလိုက်တွေ့ကြတဲ့ကိစ္စတွေကတော့ ဆွေးနွေးနေတဲ့ကိစ္စကတော့ ဒီနိုင်ငံရေးအရ ဆွေးနွေးဖို့ကိစ္စ မဟုတ်ပါဘူး။ မိမိတို့တဖွဲ့ချင်းအလိုက်ရဲ့အခြေအနေ၊ ပြည်ထောင်စုအဆင့်တို့၊ ပြည်နယ်အဆင့်တို့မှာ သဘောတူထားတဲ့ သဘောတူညီချက်တွေအရ သူတို့ရဲ့ တဖွဲ့ချင်းစီအလိုက်ကိစ္စတွေ ဖြစ်ပါတယ်။ အန်စီအေမှာပါတဲ့ နိုင်ငံရေးဆွေးနွေးမှုမျိုးတွေ မဟုတ်ပါဘူး။”

မေး။ အခုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ အရမ်းကို ရှုတ်ထွေးခက်ခဲနေတဲ့အချိန်ကာလဖြစ်တယ်။ ဆိုတော့ ဒီအရာကို ကျော်လွှားနိုင်ဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကပဲဖြစ်ဖြစ်၊ စစ်ကောင်စီဘက်ကပဲ ဖြစ်ဖြစ် ဘယ်လိုနည်းလမ်းတွေနဲ့ ရေရှည် ပဋိပက္ခတွေ ဆက်မဖြစ်အောင်၊ တိုင်းပြည်အမြန်ဆုံး ပြန်ကောင်းလာနိုင်အောင် ဘယ်လိုနည်းလမ်းက အကောင်းဆုံးဖြစ်တယ်လို့မြင်လဲ။

ဖြေ။ “အကောင်းဆုံးကတော့ ညီညွတ်ရေးကို  လူတိုင်းကပြောနေကြတော့ ဒီညီညွတ်ရေးကို တကယ်ပြောတဲ့အတိုင်း ဖြစ်ဖို့လိုတယ်။ အခု=အန်ယူဂျီကလည်း ဒီလိုအရေးပေါ်အခြေအနေတွေ ကြေညာတဲ့အခါမှာ  သူ့ရဲ့နာမည်က အမျိုးသားညီညွတ်ရေးအစိုးရလို့ နာမည်တပ်ပြီး ပြောတာဖြစ်ပါတယ်။ ထိုနည်းတူပဲ ဒီလို ညီညွတ်ရေးကို ခေါင်းစဉ်တပ်ပြီး လုပ်ကြတဲ့အခါကျတော့ အားလုံးက တကယ်ညီညွတ်ချင်တဲ့စိတ်နဲ့ အမြန်ဆုံး နိုင်ငံရေးအရ အဖြေရှာတာ အကောင်းဆုံးဖြစ်ပါတယ်။ ”

မေး။ အခုလောလောဆယ်ကလည်း နိုင်ငံရေးအရ အဖြေရှာဖို့ အဖွဲ့တိုင်းလိုလို၊ လူတိုင်းလိုလိုကလည်း ပြောနေကြတယ်။ တကယ့်လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ  အခုလောလောဆယ် ဘယ်လိုအဟန့်အတားတွေ၊ ဘယ်လိုအခက်အခဲတွေ ရှိနေလဲရှင်။

ဖြေ။ “ အဲဒါကတော့ ကျနော်တို့ဒီနေ့ လတ်တလောကြီးမှာ သူ့ဘက်၊ ကိုယ့်ဘက် ဒီလိုဖြစ်လို့ ဆွေးနွေးကြမယ့်သဘောထားတွေတော့ ၊ နိုင်ငံရေးအရ ဆွေးနွေးကြဖို့ဆိုတဲ့ကိစ္စတွေတော့ လိုအပ်ချက်ဖြစ်တယ်။ သို့သော် လောလောဆယ်မှာတော့ ဒီလိုဆွေးနွေးတဲ့အနေအထားကိုတော့ ရောက်ဦးမယ်လို့တော့ ကျနော်တို့ မမြင်သေးပါဘူး။ ”

မေး။ အခု လက်ရှိ တိုင်းပြည်ရဲ့အခြေအနေကလည်း လုံးဝကို ချွတ်ခြုံကျနေတဲ့အနေအထားမှာဖြစ်နေတယ်ပေါ့နော်။ အဘက်ဘက်က ကြည့်ရင်လည်း ကျန်းမာရေးအရဖြစ်စေ၊ စားဝတ်နေရေးအရ ဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေ မြန်မာနိုင်ငံတွင်းမှာနေထိုင်တဲ့ သူတွေအကုန်လုံးက စိတ်ပူပင်သောက နေ့တိုင်းလိုလို ခံစားနေရတယ်။ အဲတော့ ဒီအရာတွေကို လုံးဝ ဖြေရှင်းပေးဖို့ အခုချက်ချင်းဖြစ်ပေါ်လာဖို့အတွက် ဘယ်လိုမျိုးလိုအပ်ချက်တွေ ရှိနေတာလဲရှင်။

 ဖြေ။ “ ဟုတ်ကဲ့။ အဲဒါကိုတော့ ကျနော်တို့က ဒါ အထူး စိတ်မကောင်းဘူး။ ကျနော်တို့ တစုထဲ တဖွဲ့ထဲ၊ တယောက်ထဲလည်း ဖြေရှင်းလိုရတဲ့ကိစ္စမဟုတ်ဘူး။ အဲဒီအခါကျတော့ ကျနော်တို့အနေနဲ့ ဒီနေ့တတ်နိုင်တာကတော့  ကျနော်တို့ တိုင်းပြည်အတွက်ကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းတဲ့နည်းကတော့ အကောင်းဆုံးဖြစ်တယ်။ ဒါကို ကျနော်တို့ ဆုပ်ကိုင်ထားတယ်။ သို့သော်လည်း ဒီတွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားပေမယ့်လို့ တဖက်ကလည်းပဲ လက်ရှိ ဖြစ်နေတဲ့အခြေအနေအရ မိမိရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရမယ်၊ အဲဒါကလည်း  အန်စီအေရဲ့ ပြဋ္ဌာန်းချက်အရ  ကျနော်တို့ ဒါကိုတော့ ဆုပ်ကိုင်ထားပါတယ်လို့။ ”

မေး။ တခြားပြောချင်တာ ဘာရှိဦးမလဲရှင်။

ဖြေ။ “အားလုံးကတော့ ဒီအချိန်မှာ တကယ်ကိုယ်ပြောကြတဲ့အတိုင်း ကျနော်တို့တိုင်းပြည်မှာ အခုဆိုရင် အမျိုးသားညီညွတ်ရေးကပြိုကွဲသွားပြီဖြစ်ပါတယ်။ အဲတော့ အားလုံးက အဲဒီအမျိုးသားညီညွတ်ရေးကို မရယူနိုင်ရင်တော့ အားလုံးအတွက် အောင်ပွဲမရှိပါဘူး။ ”

Photo-PNLO

1 month Ago

March 7, 2020

PNLO ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ်အစိုးရ ကွင်းဆင်းလေ့လာ

နှစ်ပေါင်း ၇၀ ကျော် စစ်တလင်းဖြစ်ပွားခဲ့တဲ့ မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ပထမဆုံးအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ် ၆ ရက်နေ့မှာ ကွင်းဆင်းလေ့လာခဲ့ပြီး ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဒေသမှာ ပြည်သူလူထုက စစ်ဘေးစစ်ဒဏ်တွေ ခါးသီးစွာ ခံစားနေရပြီး အခု ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မယ်လို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာလင်းထွဋ်က ပြောပါတယ်။ “မကြာခင်အချိန်အတွင်း NRPC ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကော်မရှင်ကနေ ဦးဆောင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ PNLO၊ PPDC သူတို့တွေ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Swiss Develop Cooperation နဲ့ နီပွန်ဖောင်ဒေးရှင်းတို့ တွဲဖက်ပြီး ဒီဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဆွေးနွေးကြတယ်။ အားလုံးသိတဲ့အတိုင်း ငြိမ်းချမ်းလာရင် ဖွံ့ဖြိုးရေးက လုပ်လို့ကောင်းလာတယ်။ အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဝိုင်းကူမယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရကလည်း ဝိုင်းကူမယ်ဆိုရင် ဒီဒေသမှာရှိတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းလာတာနဲ့အမျှ ငြိမ်းချမ်းရေးအသီးအပွင့် ဖွံ့ဖြိုးမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လေ့လာတဲ့အနေနဲ့ ဒီဒေသကို ဦးဆုံး ရောက်လာတာ ဖြစ်ပါတယ်။” အခုလို အဲဒီဒေသကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရောက်လာနိုင်တာကတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တွေကြောင့် ဖြစ်တယ်လို့ PNLO ဦးဆောင်နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ “ငြိမ်းချမ်းရေးကို ဆက်လက်ခိုင်မာအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ နံပါတ်နှစ်က ဒီမိုကရေစီ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီကို ကူးပြောင်းတဲ့အချိန်မှာ ဒေသခံ လူမျိုးမရွေး၊ ဒေသမရွေး မိမိအခွင့်အရေးကို မိမိ တင်ပြနိုင်မှ ဒီမိုကရေစီ ဖြစ်မှာပါ။ ဒါကြောင့် ဖက်ဒရယ်ကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ ဒီဒေသရဲ့ လိုအပ်ချက် အခြေအနေကို ဒီဒေသမှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ လူထုကို အခြေပြုပြီး လုပ်ကိုင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပေါ်ပေါက်ရေးဟာ ဖက်ဒရယ်ရဲ့ လုပ်ငန်းစဉ်အစ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး၊ လူမှုရေး၊ ဖက်ဒရယ်ရေး ဒီသုံးခုကြောင့် ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူ ခေါင်းဆောင်ကြီးတွေ ရောက်လာတယ်လို့ မှတ်ချက်ပြုပါတယ်။” အဲဒီဒေသမှာ လမ်းတံတား၊ လျှပ်စစ်မီး စတဲ့ အခြေခံဖွံ့ဖြိုးရေးတွေ အခြားဒေသထက် နောက်ကျကျန်ခဲ့တာလည်း ဖြစ်ပါတယ်။ PNLO ဒုက္ကဋ္ဌ ခွန်မြင့်ထွန်းက “အရင်ကာလက လမ်းတွေဖောက်လုပ်တဲ့အခါမှာ အများအားဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်အနေနဲ့ ကိုယ်ထူကိုယ်ထ ဖောက်ခဲ့တဲ့လမ်းတွေ ရှိတယ်။ ဆရာတော်နဲ့ ဒေသခံလူထုက သူတို့အင်အားနဲ့သူတို့ ဖောက်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ပညာရပ်ပိုင်းဆန်ဆန်အနေနဲ့တော့ မဖောက်လုပ်နိုင်ခဲ့ဘူး။ အခု လမ်းတွေကို ဖောက်လုပ်တဲ့အခါမှာ ဖွံ့ဖြိုးရေးကို အခြေခံပြီး ကုန်သယ်နိုင်တဲ့ လမ်းတွေဖြစ်အောင် ဖောက်လုပ်ဖို့ ဆွေးနွေးကြတာ ဖြစ်တယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးတွေကလည်း အရေးကြီးပါတယ်။ အခု ကျနော်တို့ လုပ်နေတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ကတော့ မူမရှိဘဲလုပ်တဲ့ ဖွံ့ဖြိုးရေးအစီအစဉ်မျိုး မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေ ကျနော်တို့ လုပ်ဆောင်နေပါတယ်။” ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ လက်ရှိ နောင်ထောဝ်ကနေ PNLO ဌာနချုပ် ဗန်းမက် အထိ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်နိုင်တဲ့ ကားလမ်းကို အရင်ဖောက်လုပ်ပေးမယ်လို့ ပြောပါတယ်။ အဲဒီဒေသမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ နီပွန်ဖောင်ဒေးရှင်း၊ Swiss development cooperation တို့နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေ သိန်း ၁၀၀ နဲ့ ကျောင်းသုံး ဗလာစာအုပ်တွေ လှူဒါန်းပါတယ်။ ခွန်ရာဇာ
2 years Ago
Up