PIA လေကြောင်းလိုင်း

May 23, 2020

ပါကစ္စတန် လေယာဉ်ပျက်ကျခဲ့မှုကြောင့် ၉၇ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချီမြို့က လူနေထူတဲ့ ရပ်ကွက်တခုပေါ် လေယာဉ်တစီး ပျက်ကျခဲ့တာကြောင့်   ၉၇ ယောက် သေဆုံးပြီး ၂ ယောက်  အသက်ရှင်လွတ်မြောက်တယ်လို့  အာဏာပိုင်တွေက မေလ ၂၃  ရက်မှာ အတည်ပြုခဲ့ပါတယ်။  လူ ၉၉ ယောက် လိုက်ပါလာတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (PIA)  ပိုင် ဂျက်လေယာဉ်ဟာ မေလ ၂၂ ရက် ညနေ  ၃ နာရီ အချိန်က  ကရာချီမြို့အနီး ဂျင်းနားအပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုအဆင်း မိနစ်ပိုင်းအလိုမှာ လူနေရပ်ကွက်တခုပေါ် ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျရာ နေရာကို စစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေ အမြန်ရောက်လာပြီး  ၂၄ နာရီပတ်လုံး ရှာဖွေ ကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ပြည်တွင်းခရီးစဉ်တွေ ပြန်ပြေးဆွဲချိန်မှာ Airbus A320  လေယာဉ်က နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ကနေ  တောင်ပိုင်း ကရာချီမြို့ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။   လေဆိပ်ကို ချဉ်းကပ်ချိန်မှာ စက်ချို့ယွင်းမှုကြောင့်  လေယာဉ်ဘီး ချမရ ဖြစ်ခဲ့ဖွယ် ရှိပေမယ့် ပျက်ကျရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့ စောလွန်းသေးတယ်လို့ အရပ်ဘက်လေကြောင်း အရာရှိတဦးက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။
1 year Ago

ပါကစ္စတန် ပျက်ကျလေယာဉ် အပျက်အစီးများအတွင်း ရုပ်အလောင်း ၈၀ ကျော် တွေ့ရှိ

ပါကစ္စတန်နိုင်ငံ ကရာချီမြို့အနီး လူနေရပ်ကွက်တခုပေါ် မေ ၂၂ ရက်က ပျက်ကျခဲ့တဲ့  ခရီးသည်တင်လေယာဉ် အပျက်အစီးတွေကြားက ရုပ်အလောင်း ၈၀ ကျော်ကို တွေ့ရှိတယ်လို့  DW  သတင်းက ဖော်ပြပါတယ်။  ကနဦးသတင်းတွေအရ  လူ ၁၀၇ ယောက် လိုက်ပါတယ်လို့ ဖော်ပြပြီး နောက်ပိုင်း  ၉၉ ယောက် လိုက်ပါလာတယ်ဆိုတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (PIA) ပိုင်  လေယာဉ်ဟာ ကရာချီမြို့ရှိ ဂျင်းနား အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းခါနီး မိနစ်ပိုင်းအလိုမှာ ပျက်ကျသွားခဲ့တာပါ။  PIA လေကြောင်းလိုင်း စီအီးအိုက လေယာဉ်ပျက်ကျတဲ့အကြောင်းရင်းကို ပွင့်လင်းမြင်သာစွာ စုံစမ်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။   ပျက်ကျရာ နေရာကနေ ပျံသန်းချိန် မှတ်တမ်းတင်စက်ကို မတွေ့ရသေးဘူးလို့လည်း လေကြောင်းလိုင်း  စီအီးအိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  ပါကစ္စတန်နိုင်ငံသားတွေ မိဘဆွေမျိုးတွေဆီ လည်ပတ်ကြတဲ့  အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်ပွဲတော် ကျင်းပခါနီးချိန်မှာ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တာလို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up