PFA ဆု

July 25, 2020

ကစားသမားအချင်းချင်း မဲပေးရွေးချယ်သည့် PFA ဆု ကြေညာမည့် ရက်ရွှေ့ဆိုင်း

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအစည်းအရုံးက ချီးမြှင့်တဲ့ PFA အကောင်းဆုံး ကစားသမားဆု ကြေညာမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။  မူလက သောကြာနေ့မှာ ဆုရတဲ့ ကစားသမားကို ကြေညာဖို့ရှိပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရွေးချယ်ဖို့ နောက်ကျခဲ့ရတာလို့ သိရပါတယ်။  အားကစားကလောင်ရှင်တွေက ရွေးချယ်ချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ရရှိခဲ့ပြီး သောကြာနေ့က ဆုလက်ခံရယူခဲ့ပါတယ်။  PFA ဆုရသူ ကြေညာဖို့ ရွှေ့ဆိုင်းခဲ့ပေမယ့် အကောင်းဆုံး ရွေးချယ်မှုဖြစ်စေဖို့ ဆက်လက် လုပ်ဆောင်နေပြီး မကြာခင်မှာ ကြေညာပေးမယ်လို့ PFA တွစ်တာစာမျက်နှာကနေ အသိပေးခဲ့ပါတယ်။ အခုနှစ် PFA ဆုကို လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ပဲ ရရှိမယ်လို့ သတင်းထွက်နေပြီး မန်စီးတီးက ဒီဘရိုင်း၊ လီဗာပူးက မာနေးတို့လည်း ရရှိနိုင်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က PFA အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ရရှိခဲ့ပါတယ်။
10 months Ago

June 23, 2020

မန်စီးတီးကစားသမားများကို PFA ဆုမပေးသည့်အပေါ် ဘရန်နာဒိုဆေးလ်ဗား ဝေဖန်

မန်စီးတီး ကစားသမားတွေကို အကောင်းဆုံးဆုတွေမပေးတဲ့အပေါ်မှာ နားမလည်ကြောင်း ကွင်းလယ်လူ ဘရန်နာဒိုဆေးလ်ဗားက ‌ပြောပါတယ်။  မန်စီးတီး ကစားသမားတွေဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုလို့ ခေါ်ကြတဲ့ PFA တစ်နှစ်တာဆုကို တစ်ဦးမှ ရယူနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။  ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီမှာလည်း လီဗာပူးက မိုဟာမက်ဆာလက်ကို ပေးအပ်ခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း လီဗာပူး နောက်ခံလူ ဗန်ဒိုက်ကို ချီးမြင့်ခဲ့တာပါ။  မန်စီးတီး ကစားသမားတွေကို အကောင်းဆုံးဆုနဲ့ အသိအမှတ်ပြု မခံရတဲ့အပေါ်မှာ နားမလည်မိကြောင်းနဲ့ အသင်းဖော် ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ဆုရသင့်တဲ့သူဖြစ်တယ်လို့ ဆေးလ်ဗားက ပြောပါတယ်။  အခုနှစ်မှာလည်း ဒီဘရိုင်း ခြေစွမ်းပြနေပေမယ့် လီဗာပူးအသင်းက ချန်ပီယံဆုဖလားရ ယူနိုင်ဖို့ ရှိတာကြောင့် ကွင်းလယ်လူ ဟန်ဒါဆန် ရလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
11 months Ago
Up