PDF-WETLE

October 3, 2021

ဝက်လက်မြို့နယ်၌ တိုက်ပွဲဖြစ်ပြီး ရဲ ၂ ဦးသေ၊PDF ၁ ဦး ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဖိုဝင်းတပ်ကျေးရွာအနီးမှာ အောက်တိုဘာ ၃ ရက် မနက် ၉ နာရီလောက်က PDF-WETLET နဲ့ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲငယ်တခုဖြစ်ပွားရာ ရဲ ၂ ယောက်သေဆုံးပြီး PDF ၁ ယောက် ဖမ်းဆီးနှိပ်စက် ပစ်သတ်ခံရလို့  ကျဆုံးတယ်လို့ PDF-WETLET ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

မနက် ၉ နာရီအချိန်မှာ ရှိမ်းမကားဘက်က ဆိုင်ကယ်တွေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဝက်လက်က ဖိုဝင်းတပ်ကျေးရွာအနီးက‌နေ စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ PDF-WETLET ဘက်က သူရဲကောင်းတစ်ဦး အဖမ်းခံရပြီး ရှိမ်းမကားစခန်းထဲမှာပဲ စစ်ကောင်စီတပ်တွေရဲ့ နှိပ်စက်မှုကြောင့် ကျဆုံးသွားရပြီး စစ်ကောင်စီဘက်ကလည်း ရဲ  ၂ ယောက် သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

PDF-WETLET ဘက်က ကျဆုံးသူရဲ့ အမည်ကိုတော့ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။ အဆိုပါ ကျဆုံးသူဟာ အကောင်းအတိုင်း အဖမ်းခံရတာဖြစ်ပြီး ရှိမ်းမကားရဲစခန်းအတွင်း ရောက်မှ နှိပ်စက် ပစ်သတ်တာဖြစ်တယ်လို့ ရှိမ်းမကား ဒေသခံတစ်ဦးကလည်း အတည်ပြု ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၉ ရက်နေ့ကလည်း ရွှေပန်းကုန်းရဲကင်းစခန်းကို PDF က ဝင်ရောက်တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးခဲ့ပါတယ်။

1 year Ago
Up