မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ရေပြာရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် PDF ၃ ဖွဲ့ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါဝင် ၅ ယောက်သေဆုံးခဲ့တယ်လို မြိုင် PDF တပ်ဖွဲ့က ပြောပါတယ်။
ပေါက်မြို့နယ် ရေပြာရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄နာရီလောက်မှာ မြိုင်PDF၊ ပေါက်PDF နဲ့ ရေစကြို PDF တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ၄၅ မိနစ်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဒေသကာကွယ်ရေးညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး စခန်းသိမ်းဖို့ သွားတဲ့အချိန်မှာ ရေပြာရဲစခန်းမှူးက ကားနဲ့ထွက်လာလို့ စခန်းရှေ့တည့်တည့်မှာ ပစ်ခတ်တိုက်ခိုက်ရာ စခန်းမှူးနဲ့ရဲဘော်တစ်ယောက်ကားထဲမှာ သေဆုံးပြီး စခန်းအတွင်းထဲက ရဲ ၃ ယောက် စုစုပေါင်း ၅ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာကြောင့် ရေစကြို PDF က ရဲဘော် ၂ ယောက်ဒဏ်ရာရရှိကာ ဒဏ်ရအခြေနေကတော့ မစိုးရိမ်ရဘူး။ သွားတုန်းကတော့ စခန်းသိမ်းဖို့သွားခဲ့တာ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက်ထိခိုက်သွားတာရယ်၊ ပေါက်ကနေ စစ်ကူကားတစ်စီးထွက်လာတာရယ်ကြောင့် စခန်းကိုတော့ မရခဲ့ဘူး။ ဒါပေမယ့် စခန်းရှေ့နဲ့ စခန်းအုပ်နံရံခြံစည်းရိုးနားထိ ချဉ်းကပ်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”
မကွေးတိုင်းအတွင်းမှာ ယခင်ကလည်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းနဲ့ မြိုင်မြို့နယ် လင်းကတောရဲစခန်းတွေကို ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရေပြာရဲစခန်းမှူးအပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ချင်းပြည်နယ် တီးတိန်မြို့နယ်က ခိုင်ကမ်းနယ်မြေရဲစခန်း ၉ မိုင်ဂိတ်ကို စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက PDF သုံးဖွဲ့ပူးပေါင်းတိုက်ခိုင်ရာ ရဲ ၅ ယောက်လောက် သေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရသွားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။
ခိုင်ကမ်းမြို့နယ်မြေရဲစခန်း ၉ မိုင်ဂိတ်ကို ဒီနေ့မနက် ၅ နာရီလောက်က PDF-Zoland၊ Civil Defense Mititia၊ CDF-KKG (ကလေး၊ ကပေါ်၊ ဂန့်ဂေါ) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ ပေမယ့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံး မရှိဘူးလို့ ဖော်ပြ ထားပါတယ်။
အဲဒီတိုက်ပွဲကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ကလေးမြို့ကနေ ဂန့်ဂေါမြို့ ဘက်ကိုတက်မယ့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားတွေကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
ခိုင်ကမ်းနယ်မြေရဲစခန်း ၉ မိုင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ရဲ ၅ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။