အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်းမှာ အခြေချထားတဲ့ ABSDF နှင့် PDF စခန်းတွေအပါအဝင် တမူးပြည်သူ့ကာကွယ်ရေး မဟာမိတ်စခန်း ၆ ခု ကို စစ်ကောင်စီတပ်က သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး မိမိတို့ဘက်က လက်နက်အင်အားမမျှတာကြောင့် စခန်းတွေ စွန့်ခွာခဲ့ရတာလို့ ဆိုပါတယ်။
တမူး PDF ရဲ့ တာဝန်ရှိသူတစ်ဦးက “နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး သူတို့တပ်စွဲရာနေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ကျနော်တို့ ပကဖ တပ်ရင်းက ရဲဘော်တစ်ဦး လက်နက်ကြီးမှန်ပြီး ကျဆုံးသွားသေးတယ်။ ၁၅ ရက်နေ့မှာ တနေ့လုံး လက်နက်ကြီးတွေနဲ့ထုပြီး ချဉ်းကပ်လာတာ။ ကျနော်တို့အဖွဲ့တွေနဲ့ တဖြည်းဖြည်းနီးကပ်လာပြီး အနီးကပ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့သေးတယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်တယ်။ ကျနော်တို့ဘက်က စခန်းကို စွန့်လွှတ်ခဲ့ရပေမဲ့ ရဲဘော်အားလုံး ထိခိုက်ကျဆုံးတာတော့ မရှိခဲ့ဘူး”လို့ ပြောပါတယ်။
သိမ်းဆည်းခံလိုက်ရတဲ့ စခန်းတွေကတော့ ABSDF ၊ PDF-Tamu တပ်ရင်း (၄)၊ ပကဖ၊ Burma Student Organization (BSO)၊ FRT၊ CDM Police Fighter တပ်ဖွဲ့တွေရဲ့ စခန်း ၆ ခုဖြစ်ပါတယ်။
BSO မှ ရဲဘော်ကိုအောင်ဖြိုးကြွယ်က “ဘယ်လိုအခက်အခဲ အခြေအနေတွေပဲရှိရှိ နောက်မဆုတ်တမ်း ပြည်သူလူထုအပေါ် သစ္စာစောင့်သိလျက် စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်၊ စခန်းသိမ်းဖြစ်စဥ်ကြောင့် မိဘပြည်သူတွေကို စိတ်မကောင်းဖြစ်အောင် လုပ်မိတဲ့အတွက် အနူးအညွတ် တောင်းပန်အပ်ပါတယ်၊ မိဘပြည်သူတွေလည်း စိတ်ဓာတ်မကျကြဖို့နဲ့ ကျနော်တို့ ဆောင်ရွက်နေတဲ့ တော်လှန်ရေးဟာ အောင်ကိုအောင်မှာမို့ ခေတ္တသည်းခံပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ သူ့ရဲ့ လူမှုန်ကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ကျော်နဲ့ နိုဝင်ဘာ ၁၅ ရက်က ညနေ ၄ နာရီက စတင်ကာ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ တမူးဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်အင်အား ၅၀၀ ကျော်ကို စစ်ကြောင်း ၄ ကြောင်းခွဲ စစ်ကြောင်းထိုးနေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တမူးတော်လှန်ရေး အဖွဲ့ဝင်တစ်ဦးက “အင်အားက အတော်များတယ်။ ဒီကောင်တွေ ဝင်လာကတည်းက လက်နက်ကြီးတွေ ပစ်ဝင်တယ်။ စက်လက်နတ်တွေနဲ့လည်း အဆက်မပြတ်ကို ပစ်တာ။ လက်နက်ချင်း အင်အားချင်း မမျှလို့ တပ်စခန်းအနည်းငယ် နောက်ဆုတ်ပေးလိုက်ရတယ်။ ရဲဘော် ၂ ဦးကတော့ အနည်းငယ် ဒဏ်ရာရထားတယ်။”ပြောပါတယ်။
အခုလို စစ်ကြောင်းထိုးပြီး စခန်းတွေသိမ်းလာတာကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ နှစ်ဖက် စစ်ရေးအခြေအနေ စတင်တင်းမာနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကတော့ အခုလို စစ်ကြောင်းမထိုးခင် နိုဝင်ဘာ ၁၅ ရက် မနက်ခင်းက တမူးမြို့၊ မြို့မ (၁၃) ရပ်ကွက် နန်းဖာလုံ အ.ထ.က(ခွဲ)ကျောင်းကိုလည်း မီးရှို့ခဲ့သေးတယ်လို့ တမူးဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းက PDF ယာယီစခန်းတခုကို အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီလောက် စစ်ကောင်စီက ဝင်ရောက်စီနင်း တိုက်ခိုက်ပြီး PDF ရဲဘော် ၂ ယောက် ဖမ်းဆီးသွားတယ်လို့ ကျောက်ကြီးဒေသခံ PDF ရဲဘော် တဦးက ပြောပါတယ်။
ညောင်ပင်သာကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ PDF ပူးပေါင်းစခန်း စီးနင်း တိုက်ခိုက်ရာမှာ အစောင့်ချထားတဲ့ PDF ရဲဘော် ၂ ယောက်ကို သေနတ် ၃ လက်၊ ကျည်ဆန်၊ ဗုံးသီးတွေနဲ့အတူ ဖမ်းမိသွားတယ်လို့ သိရပါတယ်။
ကျောက်ကြီးဒေသခံ PDF ရဲဘော်က “စစ်ကောင်စီတပ်တွေက မနက် ၄ နာရီလောက်ကြီး လာ၀င်စီးတာ။ ကိုယ်တွေဘက်က သတင်းကြိုရထားတော့ ကြိုရှောင်နေတာ။ စခန်းအစောင့် အနေနဲ့ ရဲဘော် ၂ ယောက်ပဲ ကျန်ခဲ့တာ။ အဲဒီ ၂ ယောက်ကို သေနတ် ၃ လက်နဲ့အတူ အရှင်ဖမ်းမိသွားတာ။”
ဖမ်းမိသွားတဲ့ ရဲဘော်နှစ်ဦးဟာ တောင်ငူမြို့နေ ဒီပါလွင်နဲ့ ကျောက်ကြီးမြို့နယ် ပေါက်ကျေးရွာနေ စောဝင်းဌေးတို့ဖြစ်ပြီး အေကေ-၄၇ ၁ လက်၊ အမ်အမ်- ၁၄ ၁ လက်၊ ကျည် ၄၉ တောင့်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၄၂ တောင့်၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက် နဲ့ ဗုံးသီး ၁၀ လုံး၊ သံကိုယ်ထည်မိုင်း ၆ လုံး သိမ်းဆည်းခံခဲ့ရတယ်လို့ တောင်ငူခရိုင် PDF တပ်ရင်းက သိရပါတယ်။
အဲဒီနေ့ မနက် ၄ နာရီကျော်ကနေ ဒီနေ့ မနက်အထိ ကျောက်ကြီးမြို့နယ်ထဲက ရွာအနီးအနားတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့တောက်လျှောက်ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။