PDF

January 25, 2023

အင်းလေးတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF ရဲဘော် ၄ ဦး​၏ ဈာပန ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သန်းထောင်ရွာနဲ့ ဘုရားနီရွာကြား တိုက်ပွဲမှာ ကျဆုံးခဲ့‌တဲ့ ၁၀၀၉ တပ်ရင်းက ရဲဘော် ၄ ဦးရဲ့ ဈာပန အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ၁၀၀၉ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ဒေသခံ ပျူစောထီးတွေရဲ့ သတင်းပေးမှုကြောင့် PNO ပူးပေါင်းတပ်ဖွဲ့၊ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ၁၀၀၉ တပ်ရင်းမှ တပ်ရင်းမှူး သခွားသီး၊ သင်တန်းမှူး အယ်ကျော်၊ တပ်စိတ်မှူး မြတ်သူနဲ့ ရဲဘော် ကတုံးတို့ ကျဆုံးခဲ့တာပါ။

ကျဆုံးရဲဘော် ၄ ဦးရဲ့ ​ရက်လည်ဆွမ်းသွတ်နဲ့ အသုဘအခမ်းအနားကို ရဲဘော်တွေရဲ့ ခန္ဓာမပါဘဲ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ၁၀၀၉ တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲမှာ ၁၀၀၇ တပ်ရင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ က ရဲဘော်တဦးလည်း ကျဆုံးခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေကို နွေဦးတော်လှန်ရေး ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ပေါ်ထွန်းရေး တိုက်ပွဲမှာ တာဝန်ကျေပွန်ခဲ့ပြီး အဆုံးမသတ်ခဲ့ရတဲ့ ပန်းတိုင်ကိုလည်း ကျန်ရှိနေတဲ့ ရဲဘော်တွေက ဆုံးခန်းတိုင် ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။

6 days Ago

January 24, 2023

ကန့်ဘလူတွင် တောင်သူ ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ ပျူသင်တန်းအတွက် အစည်းအဝေးလုပ်နေစဉ် PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းရွာ တောတိုက်ထဲမှာ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက မြေပဲနုတ်နေတဲ့တောင်သူ အမျိုးသား ၃ ယောက်ကို ဇာဒီကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက “ဇာဒီရွာနဲ့ တမိုင်လောက်ဝေးတဲ့ ဖုတ်ကုန်းရွာက တောင်သူအ‌ယောက် ၂၀ လောက် ကျေးရွာ နှစ်ရွာကြား မြေပဲကုန်းမှာ မြေပဲနုတ်နေချိန် ရိုက်နှက်ဖမ်းဆီးရာကနေ ထွက်ပြေးခဲ့ကြပေမဲ့ အသက် ၃၅ နှစ်၊ ၃၇ နှစ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသား ၃ ယောက်က ထွက်မပြေးနိုင်ဘဲ ဖမ်းဆီးခံရတာဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဇာဒီကျေးရွာမှာ ပျူစောထီးသင်တန်းဖွင့်ဖို့ ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အစည်းအဝေး လုပ်နေချိန် ကန့်ဘလူမဟာမိတ်ပူးပေါင်းအဖွဲ့ Kanbalu Underground Warriors၊ ကန့်ဘလူစွန်ရဲ၊ PLGF၊ မြေပြင်လှုပ်ရှားညီနောင်အဖွဲ့၊ ဒေသခံ - ပကဖနဲ့ ကန့်ဘလူမဟာမိတ်ပူးပေါင်းအဖွဲ့‌တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက “ရှော့တိုက်ဒုံး ၁ လုံး၊ ၈၁ မမ ၉ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်။ စစ်တပ်က ပြန်ပြီး ခုခံပစ်ခတ်လို့ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ စကစ စစ်သားနဲ့ ပျူစောထီးတွေ အထိအခိုက် ရှိနိုင်တယ်။ မြေပြင်မဟာမိတ်ပူးပေါင်းအဖွဲ့‌တွေ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဇာဒီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို လှည့်လည် စစ်ကြောင်းထိုးပြီး လက်နက်ပြ ခြိမ်းခြောက်ကာ ဒေသခံ ရွာသားတွေကို ပျူစောထီးသင်တန်းတက်ခိုင်းတာ၊ အခွန်လို့ဆိုပြီး အတင်းအဓမ္မ ငွေကြေး ကောက်ခံတာ၊ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေနဲ့ ဆန်၊ စပါး၊ လယ်ယာလုပ်ငန်းသုံး ကျွဲ/နွားတွေကိုပါ ခိုးယူရောင်းစားပြီး ဒေသခံပြည်သူလူထုကို မတရားဖမ်းဆီးနှိပ်စက်ကာ ငွေညှစ်တာ‌တွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် အဖွဲ့က ထုတ်ပြန်ပါတယ်။

1 week Ago
More News
Up