Oxfam

January 26, 2021

ကိုဗစ်ကပ်ဘေးကာလ ကုဋေကြွယ်သူဌေးများ ပိုချမ်းသာလာ

ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ကမ္ဘာပေါ်မှာ ဆင်းရဲသူတွေက အကျပ်အတည်းဆိုက်နေချိန်မှာ အမေဇုံလုပ်ငန်းစုက ဂျက်ဖှ်ဘေဇို့စ်နဲ့ တက်စ်လာလုပ်ငန်း တည်ထောင်သူ အီလွန်မတ်စ်ခ်တို့လို ကုဋေကြွယ်သူဌေးတွေက ပိုချမ်းသာလာခဲ့ကြပြီး မညီမျှမှုတွေကို ကိုင်တွယ်အရေးယူဖို့ တောင်းဆိုတယ်လို့ ပရဟိတအဖွဲ့ကြီး Oxfam က ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

နိုင်ငံတွေမှာ ပြန်နာလန်ထူဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ပြီး တန်းတူညီမျှမှုရှိတဲ့ အခွင့်အရေး ပြတင်းပေါက်တွေ သေးလာနေတယ်လို့လည်း Oxfam  ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မညီမျှမှုဗိုင်းရပ်စ်လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာကိုလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အွန်လိုင်းကနေ ကျင်းပတဲ့ ဒါဗို့စ်ဆွေးနွေးပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးနေချိန်မှာ ဖြန့်ချိလိုက်ပါတယ်၊

Oxfam အဖွဲ့က “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်တဲ့ စီးပွားရေးမုန်တိုင်းဟာ ဆင်းရဲသားတွေကို အပြင်းထန်ဆုံး ရိုက်ခတ်တယ်။ အမျိုးသမီးတွေနဲ့ လူနည်းစုတွေဟာ အလုပ်ပြုတ်တဲ့ဒဏ်ကို အဆိုးဆုံးခံရတယ်။ လူ သန်း ၁၀၀ ကျော်ဟာ အဆုံးစွန် ဆင်းရဲမွဲတေတဲ့ဒဏ်ကို ခံရနိုင်တယ်။ ကပ်ရောဂါမတိုင်ခင် အခြေအနေမှာတုန်းက ဆင်းရဲသားဦးရေဆီ ပြန်ရောက်အောင် လျှော့ချဖို့ ဆယ်နှစ်ကျော် အချိန်ယူရနိုင်တယ်” လို့  ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကာလ မတ်လကနေ ဒီဇင်ဘာလကြားမှာ ကမ္ဘာ့ကုဋေကြွယ်သူဌေးကြီးတွေရဲ့ ကြွယ်ဝမှုဟာလည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ထရီလီယံကနေ ၁၁ ဒသမ ၉၅ ထရီလီယံအထိ တိုးလာခဲ့တယ်လို့ အစီရင်ခံစာက တွက်ချက်ပြထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး လူ ၁၀ ယောက်ရဲ့ ကပ်ဘေးသင့်ကာလမှာ တိုးလာတဲ့ အသားတင် ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၄၀ ရှိတယ်၊ ဒီပမာဏဟာ ကမ္ဘာပေါ်က လူတိုင်းအတွက် ကာကွယ်ဆေးဖိုးကို ပေးနိုင်တယ်လို့ သုတေသီတွေက ကောက်ချက်ချပါတယ်။

ကပ်ဘေးသင့်ကာလအတွင်း ယာယီအခွန် လျှော့ချပေးလို့ ကမ္ဘာ့ကော်ပိုရေးရှင်းကြီး ၃၂ ခုက ရတဲ့ အကျိုးအမြတ်ဟာ ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၁၀၄ ဘီလီယံ ရှိတယ်လို့လည်း Oxfam က ခန့်မှန်းပါတယ်။

9 months Ago
Up