One Stop Service

June 1, 2018

တောင်ဒဂုံစက်မှုဇုန်တွင် ဌာနဆိုင်ရာ ၆ ခု One Stop Service ဝန်ဆောင်မှုပေးရန် စီစဉ်

တောင်ဒဂုံစက်မှုဇုန်မှာ ပထမဦးဆုံးဝန်ဆောင်မှုအနေနဲ့ ဌာနဆိုင်ရာ ၆ ခုပါဝင်တဲ့ တနေရာတည်း အလုံးစုံဝန်ဆောင်မှုပေးနိုင်တဲ့ One Stop Service ဖွင့်လှစ်သွားမယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမာင်က လှိုင်သာယာစက်မှုဇုန်တွေ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်နေမှု ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။ "စက်မှုဇုန်အတွင်း လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်အတွက် တနေရာတည်းမှာ အလုံးစုံဝန်ဆောင်မှု ပေးနိုင်တဲ့ One Stop Service များ ထားရှိဆောင်ရွက်ရန်အတွက် ဇုန်များနဲ့ ဆွေးနွေးဆောင်ရွက်ရာမှာ ဇုန်အလိုက် လည်ပတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်တဲ့ ဌာနများထားရှိရန် ဆွေးနွေးလျှက်ရှိပါတယ်။ လက်ရှိမှာ တောင်ဒဂုံစက်မှုဇုန်နဲ့ ဆွေးနွေးရာမှာ အဓိက ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်တဲ့ဌာနများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်မှုကြီးကြပ်ဦးစီးဌာန၊အလုပ်သမား ရေးရာ ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ဖြစ်ပါတယ်။ ထို့ကြောင့် တောင်ဒဂုံ စက်မှုဇုန်တွင် ပထမဦးဆုံးဝန် ဆောင်မှုအနေဖြင့် ထိုဌာန ၆ ခု ပါဝင်တဲ့ One Stop Service ဖွင့်လှစ် ဆောင်ရွက်ပေးရန် စီစဉ်နေပါတယ်။” ဒါ့အပြင် အခြားစက်မှုဇုန်တွေမှာလည်း အလျဉ်းသင့်သလို One Stop Service တွေ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ တောင်ဒဂုံစက်မှုဇုန် (၁)၊ (၂)၊ (၃) အတွက် စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီကို ပြန်လည်ဖွဲ့စည်းသွားမယ်။ ဇုန်အတွင်း အသုံးမပြုသေးတဲ့ စက်မှုမြေတွေကိုလည်း စာရင်းပြုစုထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်နိုင်ဖို့ စက်မှုဇုန်တွေ အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီကို ပြီးခဲ့တဲ့နှစ် ဧပြီက ဖွဲ့စည်းခဲ့ကြောင်း၊ အဓိကပြဿနာမှာ ကျူးကျော်တဲတွေ များပြားစွာရှိနေတာကြောင့် အမှိုက်နဲ့ ရေမြောင်းပိတ်ဆို့တာတွေ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေကြောင်း သိရပါတယ်။ Photo : Yangon Region Government
3 years Ago
Up