One Stop Mart စတိုးဆိုင် ဓားပြတိုက်သူ ၂ ဦးကို ဖမ်းမိ

March 28, 2019

One Stop Mart စတိုးဆိုင် ဓားပြတိုက်သူ ၂ ဦးကို ဖမ်းမိ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ One Stop Mart စတိုးဆိုင်မှာ အရောင်းဝန်ထမ်းတွေကို ဓားထောက်ပြီး ငွေကျပ် ၁၆ သိန်းကျော်နဲ့ ပစ္စည်းတွေ ယူဆောင်သွားတဲ့ သူနှစ်ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မတ်လ ၂၆ ရက် ည ၂ နာရီလောက်က မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ နတ်သျှင်နောင်(၃)လမ်းထောင့်ရှိ One Stop Mart စတိုးဆိုင်မှာ ဆိုင်ဝန်ထမ်း ၂ ဦး ရှိနေစဉ် အမျိုးသား ၃ ဦး ဈေးဝယ်ဟန်ဆောင်ရောက်လာပြီး အရောင်းဝန်ထမ်းတဦးကို ဓားနဲ့ထောက်ပြီး အော်ရင်သတ်မယ်လို့ ခြိမ်းခြောက်ကာ ကောင်တာစားပွဲ အံဆွဲထဲက ကျပ်ငွေ ၁၆၂၄၅၀၀ ကျပ်၊ ဆိုင်အတွင်းရှိ ပစ္စည်းတွေနဲ့ လက်ကိုင်ဖုန်း(၂)လုံး၊ စုစုပေါင်းကျပ် ၂၇၂၆၇၀၀ သိန်းဖိုး ယူဆောင်သွားခဲ့တာပါ။ ငွေနဲ့ ပစ္စည်းတွေ ယူဆောင်သွားသူ ၃ ဦးကို ဥပဒေအရ အရေးယူပေးဖို့ One Stop Mart  ဆိုင်တာဝန်ခံက ဘုရင့်နောင်နယ်မြေရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေဟာ တရားခံဖမ်းမိရေး  လိုက်လံစုံစမ်းခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းရပ်ကွက်နေ အောင်ကိုဦး(ခ)ငခူ၊ အောင်ပိုင်မျိုး(ခ) အသေးလေးနဲ့ ဇာနည်အောင်(ခ)ချစ်ထူးတို့ဖြစ်ကြောင်းသိရတဲ့အတွက် မတ်လ ၂၇ ရက် ညနေမာ အောင်ပိုင်မျိုး(ခ)အသေးလေးကို သူ့ရဲ့နေအိမ်မှာ ဖမ်းမိခဲ့ပြီး ည ၈ နာရီခွဲမှာ ဇာနည်အောင်(ခ)ချစ်ထူး ကို (၁) ထိပ်ကားမှတ်တိုင်မှာ  ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူတွေကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ကိုဦး(ခ)ငခူ ကိုလည်း အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2 years Ago
Up