One Championship အနိုင်ရ ကယန်းတိုင်းရင်းသူ အန်တိုနီယာကို ဂုဏ်ပြု

March 12, 2019

One Championship အနိုင်ရ ကယန်းတိုင်းရင်းသူ အန်တိုနီယာကို ဂုဏ်ပြု

ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲမှာ အနိုင်ရ သွားတဲ့ ကယန်းတိုင်းရင်းသူ အန်တိုနီယာကို ကယန်းလူမျိုးတွေက လွိုင်ကော်မြို့မှာ ဂုဏ်ပြုခဲ့ကြပါတယ်။ ဂုဏ်ပြုပွဲအခမ်းအနားကို လွိုင်ကော်မြို့မှာရှိတဲ့ ကယန်းအမျိုးသမီးရုံးမှာ ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့တာပါ။ ဂုဏ်ပြုပွဲ ဦးဆောင်ကျင်းပတဲ့ ကယန်းအမျိုးသမီးအစည်းအရုံး တွဲဖက်အတွင်းရေးမှူး ၂ မူအိန်ဂျယ်လာက “ဒီမြန်မာနိုင်ငံမှာက သူက MMA မှာ ပထမဆုံးအမျိုးသမီး ကစားသမားတဦးဖြစ်တယ် အဲဒီထဲမှာမှ သူက ကျမတို့ ကယန်းဒေသက ကြီးပြင်းလာတဲ့ ကယန်းအမျိုးသမီးတဦးဖြစ်တယ်။ ဒီအပေါ်မှာ ကျမတို့ ကယန်းအမျိုးသမီးအစည်းအရုံးအနေနဲ့ အခက်အခဲပေါင်းများစွာကနေ ရုန်းထွက်ကြိုးစားတဲ့ အန်တိုနီယာကို ပေါ့နော်။ ကယန်းအမျိုးသမီး တယောက်ကို ကျမတို့ လေးစားအသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုမိတ်ဆုံစားပွဲ လုပ်ပေးရတာ” လို့ပြောပါတယ်။ ဂုဏ်ပြုပွဲကျင်းပပေးတဲ့အပေါ် မူအန်တိုနီယာက ဒီလိုဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးတင် သလို ဒီပွဲမှာ အနိုင်ရဖို့ အများကြီးကြိုးစားခဲ့ရတယ်လို့ ပြောပါတယ်။ “ဒီပွဲကိုလည်း ကျမအများကြီးမျှော်လင့်ထားတာပေါ့နော်။ ဒီထက်အများကြီးကောင်းဖို့ လည်း အများကြီးမျှော်လင့်ထားတယ်။ ဒါပေမယ့် ကျမမျှော်လင့်ထားသလောက် မလုပ်နိုင်ခဲ့ဘူးပေါ့နော်။ ဒါပမေယ့် ကိုယ့်ရဲ့ မြန်မာနိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက် ကိုယ့်မိသားစုအတွက် အကောင်းဆုံး ရလဒ်ကို ယူဆောင်လာနိုင်တဲ့အတွက် အရမ်းကိုပျော်မိပါတယ်။ ကျမအချိန် ၃ လကျော်ကျော် အချိန်ယူပြီး ပြင်ဆင်ခဲ့ရတယ်။ ကျမ ကိုယ့်လူမျိုးတွက် ဂုဏ်ဆောင်ပေးနိုင်တဲ့အတွက် ကိုယ်အရမ်း ပီတီဖြစ်ရပါတယ်လို့။ သူတို့ ပီတီဖြစ်တာထက် ကျမပိုပြီး ပီတီဖြစ်တာပေါနော်။” အန်တိုနီယာရဲ့မိခင် ဒေါ်ရောဇာကလည်း အရင်က သမီးလက်ဝှေ့ထိုးမှာကို မလိုလားပေမယ့် အခုလို အောင်ပွဲရတာကိုကြည့်ပြီး ပျော်တယ်လို့ ပြောပါတယ်။ “အခုသမီးအောင်ပွဲလေးလုပ်ပေးတော့ ပျော်တာပေါ့ အမေဖြစ်တဲ့လူက။ အစကတော့ ကျမ သဘောမတူဘူး (ထိုးတာ) ကြောက်လည်းကြောက်တယ်။ တခုခုဖြစ်မှာ စိုးရိမ်လို့ပေါ့နော် မလုပ်ခိုင်းစေချင်ဘူး။ သူအဲလိုမျိုးထိုးဖောက်လာတော့ အောင်ပွဲရလာတော့ ကျမလည်း ပျော်မိပါတယ်။” အန်တိုနီယာကို ကြိုဆိုဂုဏ်ပြုတဲ့အခမ်းအနားမှာ ကယန်းအမျိုးသမီးအဖွဲ့ချုပ်အပါဝင်၊ ကယန်ယဉ်ကျေးမှုကော်မီတီ၊ ကယန်းလုပ်ငန်းရှင်တွေ၊  ကယန်းပါတီနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ မြန်မာရဲ့ ပထမဆုံး အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား အန်တိုနီယာဟာ မတ်လ ၈ ရက်က ရန်ကုန်မှာ ကျင်းပတဲ့  One Championship Reign of Valor ပြိုင်ပွဲမှာ မလေးရှားပြိုင်ဘက် Audreylaura Bonifaceကို ၂ ချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့တဲ့ပွဲမှာ အန်တိုနီယာက ထိုင်းနိုင်ငံသူ ရီကာကို ရှုံးနိမ့်ပြီးနောက် ပြန်လည် အောင်ပွဲရခဲ့တာပါ။ အသက်၂၃ နှစ်အရွယ် အန်တိုနီယာက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပတဲ့ One Quest for gold ပြိုင်ပွဲမှာလည်း တနိုင်ငံတည်းပြိုင်ဘက်ကစားသမား ရွှေစင်ကို ပထမအချီမှာပဲ  အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။
3 years Ago
Up