OECD ခန့်မှန်း

September 9, 2020

ကိုဗစ်-၁၉ ကြောင့် ပညာရေးအနှောင့်အယှက်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းနိုင်ဟု OECD ခန့်မှန်း

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ကျောင်းနေပညာရေး အနှောင့်အယှက် ဖြစ်ရတဲ့အတွက် ကျွမ်းကျင်မှု ဆုံးရှုံးစေနိုင်ပြီး ဒီရာစုနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှု ပမာဏ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကြီး (OECD) က ခန့်မှန်းချက် ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ တနိုင်ငံတည်းမှာ စီးပွားရေး ဆုံးရှုံးမှုက ဒေါ်လာ ၁၅ ဒသမ ၃ ထရီလီယံ ရှိမယ်လို့လည်း (OECD) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောပါတယ်။ တကယ်လို့ ပညာရေးအနှောင့်အယှက်တွေက လာမယ့်ပညာသင်နှစ်ထိ ဆက်ပြီး သက်တမ်း တိုးခဲ့ရင် ဆုံးရှုံးမှု ပိုမြင့်မယ်လို့လည်း ဆိုပါတယ်။ သင်ကြားမှု ဆုံးရှုံးတာဟာ ကျွမ်းကျင်မှု ဆုံးရှုံးတာပဲ။ ကျွမ်းကျင်သူတွေဟာ သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ ပတ်သက်နေတယ်လို့ အစီရင်ခံစာက ပြောပါတယ်။ OECD အတွင်းရေးမှူးချုပ်က “စီးပွားရေးအတွက် ကဏ္ဍအားလုံးက အရေးပါတယ်။ ပြန်စဖို့အတွက်နဲ့ နိုင်ငံတွေရဲ့ အနာဂတ် အတွက် ကျောင်းတွေဟာ ရှုပ်ထွေးတဲ့ ဘက်ပေါင်းစုံ ထည့်တွက်ဆင်ခြင်ရမယ့် ပြဿနာကို ဖြေရှင်းပေးရလိမ့်မယ်။ လူတိုင်း ဘေးကင်းဖို့ အာမခံရတာနဲ့ တပြိုင်တည်းမှာ လူတိုင်းကို ကြိုဆိုနေရတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကမ္ဘာနိုင်ငံတွေက အစိုးရတွေဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ကျောင်းတွေကို သီတင်းပတ် ဆယ်ပတ်ကနေ စာသင်နှစ် သုံးပုံတပုံထိ ပိတ်ထားခဲ့ကြတာပါ။ ကိုဗစ်-၁၉ ပထမလှိုင်းကြောင့် စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး တကယ်လို့ ဒုတိယလှိုင်းပါ ဖြစ်ခဲ့ရင် ကမ္ဘာ့စုစုပေါင်း ထုတ်ကုန်ဟာ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ပိုဆိုးဆိုးရွားရွား ကျဆင်းနိုင်တယ်လို့ OECD က ဟောကိန်းထုတ်ထားပါတယ်။
1 year Ago
Up