NUG က ရာထူးမှ ထုတ်ပယ်

October 6, 2021

စစ်ကောင်စီအလိုတော်ရိ ကျန်းမာရေးဌာနအကြီးအကဲ ၁၀ ဦးကို NUG က ရာထူးမှ ထုတ်ပယ်

စစ်ကောင်စီအလိုတော်ရိ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လက်ထောက်အတွင်းဝန်တွေအပါအဝင် ဝန်ထမ်း အကြီးအကဲဆရာဝန် ၁၀ ယောက်ကို အမည်ပျက်စာရင်းသွင်းပြီးဝန်ထမ်းအဖြစ်မှ ထုတ်ပယ် လိုက်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၅ ရက် ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်မှာတော့ အဆိုပါ ဝန်ထမ်းတွေဟာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့သား ကောင်းကျန်းမာရေးဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ်ပယ်တာ၊ တရားစွဲဆိုတာတွေကို ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရှိရတာကြောင့် ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ ကျန်းမာရေးဝန်ကြီးဌာနဌာနအသီးသီးက ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လက်ထောက်အတွင်းဝန်၊ တွဲဖက်ပါမောက္ခ၊ ဆေးရုံအုပ်စတဲ့ ရာထူးတွေ အသီးသီး ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တဲ့ ကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဒေသအနှံ့ရှိ CDM ကျန်းမာရေးဝန်ထမ်း ဆေးရုံအုပ်တွေနဲ့ အထူးကု ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူတာ၊ ဖမ်းဆီးတာတွေအပြင် ပစ်သတ်နှိမ်နင်းတာတွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၁၆၀ နီးပါးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၈,၇၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

1 year Ago
Up