NUG ကာကွယ်ရေးဝန်ကြီး

October 29, 2022

ရန်သူ့လေကြောင်း စီးနင်းတိုက်ခိုက်မှု အရေးတကြီး သတိပြုရန် NUG ကာကွယ်ရေးဝန်ကြီး ပြော

လေကြောင်းကာကွယ်ရေးလက်နက်ရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက် ဖြန့်ကြက်တပ်ဆင်နိုင်ဖို့လည်း အကန့်အသတ်ရှိတာကြောင့် ရန်သူ့လေကြောင်းကို ဉာဏ်သုံးပြီး ဟန့်တားနိုင်မယ့် နည်းလမ်းသစ်တွေရှာရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ 

ရေဒီယို NUG ကနေထုတ်လွှင့်တဲ့ PDF ရဲဘော်များသို့ ဆိုတဲ့ အစီအစဉ်ကနေ ပြောတာဖြစ်ပြီး ရန်သူရဲ့လေကြောင်း စီးနင်းတိုက်ခိုက်မှုကို အရေးတကြီး သတိပြုရမယ်လို့ ဆိုပါတယ်။

“မြေပြင်မှာ တော်လှန်ရေးအင်အားကို မယှဉ်နိုင်တော့ဘဲ အရေးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီဟာ သူ့ရဲ့စစ်ရေးထွက်ပေါက်အဖြစ် လေကြောင်းကိုပိုပြီး အားပြုလာတာ တွေ့ရတယ်။ ရှေ့မှာလည်း အရပ်ဘက်၊ စစ်ဘက်မရွေး လေကြောင်းအကြမ်းဖက်မှုကို တိုးပြီး ကျုးလွန်လာဖို့ရှိတဲ့အတွက် ရဲဘော်တို့ အားလုံး သတိတမံ၊ ဉာဏ်မြေကတုတ် ဆိုသလို ကိုယ့်ရဲ့တော်လှန်ရေးသတိ၊ တော်လှန်ရေး ဉာဏ်ပညာကို အမြင့်ဆုံး တပ်လှန့်ထားဖို့ လိုအပ်မယ်” လို့ ပြောပါတယ်။

လေကြောင်းဟာ အနှောင့်အယှက် အဖျက်စွမ်းအားကြီးတာမှန်ပေမယ့် စစ်ရေး အဆုံးအဖြတ်ပြုနိုင်တဲ့ ယန္တရားမဟုတ်ဘူးလို့ နားလည်ပြီး အခု နွေဦးတော်လှန်ရေးဟာ ဉာဏ်နဲ့ယှဉ်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ 

“ငါတို့ ဉာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတခုပဲဖြစ်တယ်။ ဒီလက်နက်က တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြပ်မတ်ထားတာဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက် ဖြန့်ကြက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဉာဏ်သုံးပြီး ရန်သူ့လေကြောင်း ဟန့်တားနိုင်မယ့် နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။ နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့ အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်တယ်” လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ စိတ်အား၊ လူအား လျော့ပါးနေပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဆီမှာ မူးယစ်ဆေးဝါးတွေဆောင်ထားတာတွေ့ရသလို ဆေးသုံးပြီးမှ ရှေ့တန်းထွက်ရဲတော့တယ်လို့ ဝန်ခံကြကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။ 

ဆေးစွဲနေတဲ့ စစ်တပ်တခုအနေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျုးလွန်တယ်ဆိုတာ မဆန်းဘဲ PDF တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်ကနေ ကိုယ့်ပြည်သူကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ကြပါလို့လည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။

5 months Ago

October 5, 2022

“စစ်ကောင်စီဟာနေစရာထိုင်စရာမရှိအောင်ကြောက်စိတ်ဝင်နေပြီ”ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

စစ်ကောင်စီဟာ  နေစရာထိုင်စရာ မရှိအောင် ကြောက်စိတ်ဝင်နေကြပြီလို့  အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က  အောက်တိုဘာ ၅ ရက်နေ့ ရေဒီယို NUG အသံလွှင့်အစီအစဥ်ကနေ PDF တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ 

ဒီကနေ့ စစ်ကောင်စီရဲ့အခြေအနေကို ကြည့်ရင် နိုင်ငံရေးထွက်ပေါက်ရော စစ်ရေး အသက်ရှုပေါက်ပါ အသည်းအသန်ရှာနေတာတွေ့နိုင်တဲ့အကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်ပြောပြောနေတဲ့ ရွေးကောက်ပွဲလုပ်မယောင်ယောင်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိးချမ်းရေးဆွေးနွေးသယောင်ယောင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယောင်ယောင်၊ ဖျက်မယောင်ယောင် လုပ်နေတာတွေဟာ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြံစည်အားထုတ်နေတာဖြစ်တယ်လို့ ဦးရည်မွန်က ပြောပါတယ်။

“အဓမ္မသမားတွေပီပီ ဘယ်လိုနိုင်ငံရေးထွက်ပေါက်မျိုးကိုမှ နည်းမှန်လမ်းမှန် ရှာဖွေဖို့ စဥ်းစားကြမှာ မဟုတ်ဘူး။ သူတို့ခေါင်းထဲ စွဲနေတာက ကလိမ်ဥာဏ်နဲ့ အကြောက်တရားပဲ။ စစ်တပ်ကို ပြည်သူက ခေါင်းမော်မကြည့်ရဲအောင် အဓမ္မပြုကျင့် အကြောက်တရားသွင်းရင်းနဲ့ သူတို့ကိုယ်တိုင် နေစရာထိုင်စရာ မရှိအောင် ကြောက်စိတ်ဝင်နေကြပြီဆိုတာ သေချာတယ်။ ဒီအကြောက်တရားကြောင့်ပဲ မျက်လုံးစုံကန်းပြီး အမှားတွေပဲ ဆက်တိုက်ဆက်ပြီး ကျုးလွန်ကြလိမ့်မယ်။”

တရားမဝင်အာဏာသိမ်းအဖွဲ့က လုပ်တဲ့ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိသလို ပြည်သူကလည်း အသိအမှတ်ပြုမှာမဟုတ်ကြောင်း၊ ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် နယ်မြေစိုးမိုး ထိန်းချုပ်နိုင်စွမ်း တစ်နေ့တစ်ခြား ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီအနေနဲ့ ဒီရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ မဖြစ်နိုင်ကြောင်း။  မသမာတဲ့ရွေးကောက်ပွဲရလဒ်အတုအယောင်တစ်ခု ဖန်တီးပြီး ပြည်သူ့ဒီမိုကရေစီအာဏာကို ခြေနဲ့နင်းချေပစ်ဖို့၊ စစ်အုပ်စုနဲ့လက်တစ်ဆုပ်စာ အလိုတော်ရိတွေရဲ့ လက်ထဲမှာ အာဏာကို လက်မလွှတ်စတမ်း ဆုပ်ကိုင်ထားဖို့ စစ်ကောင်စီက ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီအစိုးရိမ်ဆုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ညီတစ်ညွတ်တည်း တော်လှန်ရေးထဲ ပါဝင်လာမယ့်အရေးဖြစ်လို့ တိုင်းရင်းသားအချင်းချင်း သွေးခွဲ၊ သပ်လျှို၊ ရန်တိုက်ပေးတဲ့နည်းနဲ့ တော်လှန်ရေးလှိုင်း ရှေ့တိုးမလာအောင် ဟန့်တားနှောက်ယှက်နေတယ်လို့ ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ် တစ်ဖြည်းဖြည်းကျဆင်းသွားစေဖို့၊ လက်နက်နဲ့ရန်ပုံငွေအခက်အခဲကြားတော်လှန်ရေးအင်အား တစ်စစ ယုတ်လျော့သွားစေဖို့၊ တော်လှန်ရေးအင်အားစု အချင်းချင်း စုစည်းညီညွတ်မှု ပြိုကွဲသွားစေချင်တဲ့အတွက် စစ်ကောင်စီအလိုကျ အဖြစ်မခံရအောင် စုစည်းညီညွတ်စွာနဲ့ ပြည်သူအပေါ် အဓမ္မပြုကျင့်နေတဲ့ အကြမ်းဖက်အုပ်စုကို အမြန်ဆုံး အမြစ်လှန် ချေမှုန်းဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးက PDF တပ်ဖွဲ့တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပြီး မြန်မာပြည်ဒေသအနှံ့အပြားမှာလည်း စစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ခိုက်ခံရပြီး နေ့စဉ်သေဆုံး ဒဏ်ရာရ ထွက်ပြေး ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။

မြို့ပေါ်တွေမှာလည်း အငြိမ်းစားစစ်တပ်အရာရှိကြီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းပေးတွေ၊ ဒလန်တွေနဲ့ စစ်ကောင်စီဒေါက်တိုင်တွေ အသတ်ခံနေရတာကြောင့် စစ်အုပ်စုဝင်တွေဟာ မိသားစုတွေကို ပြည်ပနိုင်ငံတွေဆီ ပို့ဆောင်ထားရတာနဲ့ နေပြည်တော်မှာ ပြောင်းရွေ့ နေထိုင်တာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

6 months Ago
More News
Up