NLD ဥက္ကဋ္

November 18, 2022

ဘုတလင်မြို့နယ် NLD ဥက္ကဋ္ဌ၏ သားဖြစ်သူအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကာင်စီက နိုဝင်ဘာ ၁၇ ရက်နေ့ မနက်က NLD ဥက္ကဋ္ဌရဲ့ သားဖြစ်သူအပါအဝင် ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ပထမ ဥက္ကဋ္ဌဦးစန်း‌မောင်ရဲ့ နေအိမ်ကို ဝင်ဖမ်းတာ။ သူ့မိန်းမက ဦးစန်းမောင် အိမ်ပြန်မလာတာ ၁ နှစ်ခွဲရှိနေပြီ၊ အဆက်သွယ်လည်းမရဘူး၊ သေသလား၊ ရှင်သလားလည်း မသိရဘူးလို့ ပြောလိုက်တော့ ပြန်သွားကြတယ်။ နောက်ပြီးတော့ ဘုတလင်မြို့ပေါ်မှာ အိမ်ထောင်ကျနေတဲ့ ဦးစန်းမောင်ရဲ့သား  အသက် ၂၂ နှစ်အရွယ် မောင်ဉာဏ်ရီကို ညနေပိုင်းမှာ ဖမ်းသွားတယ်ဗျ။ သူ့အပြင် အခြားအရပ်သား ၃ ဦးကိုလည်း ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းတာလဲဆိုတာကတော့ မသိရသေးဘူး။ အခုအချိန်အထိ လွှတ်မပေးသေးဘူး” လို့ ပြောပါတယ်။

မောင်ဉာဏ်ရီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုင်ကယ်တိမ်းမှောက်ထားပြီး ကျန်းမာရေးမကောင်းတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီက NLD ပါတီဝင်မိသားစုတွေကို စိတ်မထင်ရင် ဝင်ရောက်ဖမ်းဆီး ရိုက်နှက်စစ်ဆေးနေတာကြောင့် ဘုတလင်မြို့ပေါ်က NLD ပါတီ အလုပ်မှုဆောင်မိသားစုတွေ နေအိမ်မှာ မနေရဲတော့‌ဘဲ ဘေးလွတ်ရာ‌ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

4 months Ago

July 11, 2022

မွန်ဝန်ကြီးချုပ် ထောင်ဒဏ် ၂ နှစ်ထပ်ချခံရ၊ မော်လမြိုင်မြို့နယ် NLD ဥက္ကဋ္ဌ အကြမ်းဖက်အမှုမှ လွတ်မြောက်

ထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)အမှုအတွက် ဇူလိုင် ၁၁ ရက်က မော်လမြိုင်မြို့နယ်တရားရုံးမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်တာပါ။

အဲဒီအမိန့်အတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တရားရုံးအဆင့်ဆင့် အယူခံ တက်ရောက်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုမှာ အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ထွက်ဆိုထားပါတယ်။

အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမှု ၁၃ မှုဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၅ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့ထားရသလို ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခဲ့ထားရပါတယ်။

လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေး ကောင်းမွန်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ မော်လမြိုင်မြို့နယ် အယ်လ်ဒီပါတီ  ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်ကတော့ အမှုကနေ တရားရှင် ပြန်လည် လွတ်မြောက်သွားတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်တရားစွဲခဲ့ပါတယ်။

အဲဒီအမှုအတွက် ဇူလိုင် ၁၁ ရက်နေ့မှာ မော်လမြိုင်မြို့နယ် တရားရုံးကနေ သက်သေ အထောက်အထား မခိုင်လုံတဲ့အတွက် အပြစ်မရှိကြောင်း အမိန့်ချမှတ်ပြီးနောက် အမှုကနေ တရားရှင် ပြန်လည် လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်း စစ်ကောင်စီ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်နေ့တုန်းက မော်လမြိုင်ရှိ နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ ၈ လ နီးပါးအကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့တာပါ။

ဖမ်းဆီးခံ ဒေါ်နွယ်နွယ်အောင်ဟာ တရားရင်ဆိုင်နေစဉ် ကာလအတွင်း နှလုံးရောဂါ ခံစားနေရတာကြောင့် ကျန်းမာရေး အယူခံ လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

တရားလွှတ်တော် ရှေ့နေ ဒေါ်နွယ်နွယ်အောင်ဟာ ပြီးခဲ့တဲ့၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်ပါတယ်။

9 months Ago
Up