“New Normal” ဒီမိုကရေစီ အလွန်

September 18, 2020

“New Normal” ဒီမိုကရေစီ အလွန်

New Normal ဆိုတာ ကိုဗစ်-၁၉ ကာလကျမှ လူသိများ တွင်ကျယ်လာတဲ့ အသုံးအနှုန်းတစ်ခုပါပဲ။ အရင်ကလည်း (ဥပမာ ၂၀၀၈ စီးပွားပျက်ကပ်) သုံးဖူးပါတယ်။ ကြီးမားတဲ့ အပြောင်းအလဲကြောင့် အခြေအနေအသစ်တစ်ခု ဖြစ်လာပြီး လိုက်လျောညီထွေဖြစ်အောင် လိုက်ပါ ပြောင်းလဲခြင်းလို့ နားလည်နိုင်ပါတယ်။  ဒီမိုကရေစီ နောက်ကြောင်းပြန် အားလုံးသိကြတဲ့အတိုင်းပဲ စက်တင်ဘာလ ၁၈ ရက်ဆိုရင် ၈ လေးလုံး လူထုအရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ တပ်မတော် အစိုးရဟာ ၁၉၉၀ နဲ့ ၂၀၁၀ တို့မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ လိုရင်း ပြောရရင် ဒီမိုကရေစီဘက်သားတွေ အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လက်မခံခဲ့ဘဲ နောက်ထပ် နှစ် ၂၀ ကြာတဲ့အခါမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အနိုင်ရအောင် သေချာအောင် စီမံထားတဲ့ ရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။ သေချာစီမံထားတဲ့ ရွေးကောက်ပွဲလို့ ဘာကြောင့် ပြောသလဲဆိုရင် တပ်မတော် အစိုးရဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ သူတို့ စိတ်တိုင်းကျ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။ ပြည်သူလူထုအများစု ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခဲ့ပြီး၊ (ဦး) ခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ထောင်သွင်းအကျဉ်းချထားပါတယ်။ အဓိပ္ပါယ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ဖြစ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ဖြစ် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မယ်လို့ ဆုံးဖြတ်ရင် အကျဉ်းကျနေတဲ့ ပါတီရဲ့ ခေါင်းဆောင်တွေကို ပါတီကနေ မဖြစ်မနေ ထုတ်ပစ်ရပါမယ်။ တနည်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ပါတီတွေကို ရွေးကောက်ပွဲကို မဝင်နိုင်အောင် သေချာ စီမံထားခဲ့တာ ဖြစ်ပါတယ်။  ဒီရွေးကောက်ပွဲမှာ စစ်အစိုးရက ကျောထောက်နောက်ခံပေးထားပြီး၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာပါတယ်။ နောက်ပိုင်း အဖြစ်အပျက်တွေကတော့အားလုံး သိကြတဲ့အတိုင်းပဲ (တချို့အတွက် အံ့ဩစရာလည်းဖြစ်တဲ့) အပြောင်းအလဲတွေ ဖြစ်လာပါတယ်။  သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နောက်ပိုင်းနှစ်တွေမှာ ပြဿနာတွေ ရှိခဲ့ပေမယ့် မြန်မာပြည်အတွက် မျှော်လင့်ချက် မဲ့နေခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မဟာမိတ်တွေသာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အခြေအနေတွေ တိုးတက်လာမှာပဲလို့ ပြည်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။ ဒီမျှော်လင့်ချက်ကြောင့်ပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်ဖြစ်တဲ့ တိုင်းရင်းသား ပါတီတွေ အနိုင်ရခဲ့ကြပါတယ်။ ဒီအခါ မြန်မာပြည်ဟာ ဒီမိုကရေစီ လမ်းကြောင်းဟာ ဖြောင့်ဖြူးနေပြီလို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း နှစ်တွေကတော့ ဒီလို မဖြစ်ခဲ့ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်က စည်းကမ်းပြည့်၀သော ဒီမိုကရေစီဟာ မြန်မာပြည်ရဲ့ ပြဿနာအဟောင်းတွေကို မဖြေရှင်းနိုင်ရုံမက၊ ပြဿနာအသစ်တွေကိုပါ ဖန်တီးပေးခဲ့ပါတယ်။ ပြဿနာ အဟောင်းတွေဆိုတာက ဒီမိုကရေစီနဲ့ တိုင်းရင်းသား ပြဿနာ ဖြစ်ပါတယ်။ ပြဿနာ အသစ်ဆိုတာက ရခိုင်ပြည်နယ်မှာ အေအေ သူပုန်ထမှုနဲ့ တပ်မတော်ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေကို အကြောင်းပြုလို့ နောက်ဆက်တွဲဖြစ်လာတဲ့ အိုင်စီဂျေ၊ အိုင်စီစီ အမှုကိစ္စတွေကို ဆိုလိုပါတယ်။ New Normal ဒီမိုကရေစီ အခုတော့ မြန်မာပြည်ဟာ နောက်ထပ် ရွေးကောက်ပွဲတစ်ခုဆီကို ဦးတည်နေပါတယ်။ ရွေးကောက်ပွဲ ရာသီ ထုံးစံအတိုင်း ပါတီအသီးသီးက ကိုယ့်ပြိုင်ဘက်ကို အနိုင်ရဖို့ တရားတယ်လို့ သူတို့ ထင်တဲ့ နည်းလမ်းပေါင်းစုံ အသုံးပြုကြပါတယ်။ တခါမှ သဘောထား မတူတဲ့ အုပ်စုတွေသာမက၊ တလျောက်လုံး သဘောထားတူခဲ့တဲ့ မဟာမိတ်အချင်းချင်းလည်း  ဒီအချိန်မှာ ရန်သူစစ်စစ်လို ဖြစ်လာကြပါတယ်။  ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြိုကာလ ပါတီတွေရဲ့ အသံတွေကို နားထောင်ကြည့်တဲ့အခါမှာ ၂၀၁၀ သို့မဟုတ် ၂၀၁၅ နဲ့ အများကြီး ခြားနားနေတာကို တွေ့ရပါလိမ့်မယ်။ အသိသာဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အသံတွေ တိုးလျသွားတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါဟာ ဒီဆောင်းပါးမှာ အဓိက ပြောချင်နေတဲ့ New Normal နယူးနော်မယ်  ဒီမိုကရေစီကိစ္စပါပဲ။  ပြဿနာပေါင်းများတဲ့ ၁၀ နှစ်တာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီမိုကရက်တွေကိုယ်တိုင်က စစ်အစိုးရက ချပေးထားတဲ့ စည်းကမ်းပြည့်၀တဲ့ ဒီမိုကရေစီအောက်မှာ နေသားကျကာ ဘ၀မေ့သွားကြတာ မဖြစ်ဖို့ လိုပါတယ်။ မြန်မာဒီမိုကရက်တွေ ကိုယ်တိုင်က ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က နိုင်ငံရေးကစားပွဲ နောက်ကိုပဲတကောက်ကောက် လိုက်သွားကြမယ်ဆိုရင်တော့ ပွင့်လင်းလွတ်လပ်ပြီး၊ တန်းတူရည်တူ လူ့အဖွဲ့အစည်းဆိုတာ ရာဇဝင်ထဲမှာ ကျန်ခဲ့တော့မှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့်ဖြစ်ဖို့၊ တိုင်းရင်းသားတွေ တန်းတူရည်တူ အခွင့်အရေးရဖို့၊ လူနည်းစုတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့၊ စီးပွားရေးမှာ နှစ်ပေါင်းများစွာ မညီမမျှ တဖက်စောင်းနင်း ဖြစ်လာတာတွေ မျှမျှတတဖြစ်ဖို့၊ လူတိုင်းအခွင့်အရေးတန်းတူဖြစ်ဖို့ စသဖြင့် ပြုပြင်စရာတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲတစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဝံပုလွေ ဒီမိုကရေစီ ဒီမိုကရေစီလို့ ပြောရင် ရွေးကောက်ပွဲကျရင် မဲပေး၊  အနိုင်ရသူက အုပ်ချုပ်ဆိုတာလောက် စဉ်းစားလို့ မရပါဘူး။ ဒီလိုဆိုရင် ဒီမိုကရေစီဆိုတာ ဝံပုလွေနှစ်ကောင်နဲ့ သိုးတစ်ကောင်တို့ ညစာကို ဘာစားမလဲဆိုတာ မဲခွဲသလိုပဲ ဖြစ်နေပါလိမ့်မယ်။ (နှစ်မဲ တစ်မဲနဲ့ သိုးကလေးပဲ အမြဲတမ်း အစားခံနေရမယ်ဆိုတာ လူတိုင်း တွက်နိုင်ပါတယ်) မြန်မာပြည် အနာဂတ်ဆိုတာ မြန်မာပြည်မှာ ရှိနေတဲ့ လူအားလုံး၊ ဘယ်လို နိုင်ငံရေး အယူဝါဒကို ယုံကြည်သူဖြစ်ဖြစ်၊ ဘယ်ဒေသမှာ နေနေ၊ ဘယ်တိုင်းရင်းသား၊ ဘယ်လူမျိုး ၊ ဘယ်ဘာသာကို ကိုးကွယ်သူပဲဖြစ်ဖြစ် အားလုံးနဲ့ ဆိုင်တဲ့ အနာဂတ်ဖြစ်လို့ နိုင်ငံထူထောင်ရေးမှာ အားလုံးကို ပါဝင်ခွင့်ပြုဖို့ဟာ အရေးကြီးပါတယ်။ လက်နက်အင်အား၊ လူအင်အား (မဲပေးတဲ့နည်းဖြစ်စေ) ထူထောင်လို့ မရပါဘူး။ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံကို တိုင်းရင်းသားတွေအားလုံး စိတ်တူ သဘောတူ ထူထောင်ကြမှပဲ ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ နှစ်ပေါင်းများစွာ ဆက်လက် တည်တံ့နေမှာ ဖြစ်ပါတယ်။ အာဏာရှိသူတွေ၊ လက်နက်ရှိသူတွေ တည်ဆောက်တဲ့ နိုင်ငံဆိုတာ မည်ကာမတ္တ နိုင်ငံတစ်နိုင်ငံသာ ဖြစ်ပြီး တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးမှု မရှိနိုင်ဘူးဆိုတာ မြန်မာပြည်အတွက် သင်ခန်းစာများလှပါပြီ၊ ကိုဗစ်-၁၉ ကြောင့် ပြည်သူတွေရဲ့ နေ့စဉ် လူမှု စီးပွားရေး ဘ၀တွေမှာ အခြေအနေသစ်နဲ့ အညီ လိုက်ပါပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာလည်း စစ်မှန် လေးနက်တဲ့ အပြောင်းအလဲ လိုအပ်ပါတယ်။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ပြည်သူတွေ ၅ နှစ်တစ်ကြိမ် မဲပေးခွင့်ရရေး၊ ရွေးကောက်ပွဲမှာ အနိုင်ရရေးထက် အများကြီး အဓိပ္ပါယ် ကျယ်ဝန်းပါတယ်။ အကြွင်းသုညထွက်တဲ့ နိုင်ငံရေးကစားပွဲထက်လည်း အများကြီး အဓိပ္ပါယ် ကျယ်ဝန်းပါတယ်။ နေသွင်ညိဏ်း 
1 year Ago
Up