ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ ဒေသခံပြည်သူ သုံးယောက်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။
ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရသူတွေကတော့ စိန်တောင် ကျေးရွာမှာနေထိုင်တဲ့ သားအဖ သုံးယောက်ဖြစ်တဲ့ ဦးမြင့်အောင်၊ ကိုဇာနည်အောင်နဲ့ ကိုရဲဟိန်းတို့ဖြစ်ကြပါတယ်။
စိန်တောင်ကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ဗုံးခွဲတယ်ဆိုတဲ့ စွပ်စွဲချက် အဆိုပါ သားအဖ သုံးယောက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နဲ့ အမှုဖွင့်ပြီး ဇူလိုင် ၁ ရက်က ထောင် ၁၀ နှစ်ချမှတ်ခဲ့တာလို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
“သူတို့က ဒေသခံရွာသားတွေလို့ သိရတယ်။ လုပ်တာက တော်လှန်ရေးအဖွဲ့တွေလုပ်တာပေါ့။ သတင်းတွေထုတ်ပြန်ပေးထားတယ်။ အဲ့အဖွဲ့တွေကို မမီတော့ ဒေသခံတွေကိုဖမ်းပြီး အဖမ်းပြတဲ့ သဘောလုပ်တာ။ ရဲကအဲဒါကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင် ၁၀ နှစ်ချခံလိုက်ရတာ”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဒေါက်တိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒေသခံတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး ဧရာဝတီတိုင်းထဲမှာလည်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။
ပုသိမ်အကျဉ်းထောင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာမှာရှိတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွား ဆက်နွှယ်နေတဲ့ Mytel တာဝါတိုင်ကို တမူး PDF တပ်ရင်း ၃ က ဇွန် ၂၄ ရက်က ဖျက်ဆီးခဲ့တယ်လို့ တမူးPDF ထံကသိရပါတယ်။
Mytel တာဝါတိုင်အောက်ခြေက ဆက်သွယ်ရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ဆက်သွယ်မှု ပြတ်တောက်အောင် ပြုလုပ်ခဲ့တာလို့ တမူးPDF ကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အကျိုးစီးပွား မှန်သမျှကို တိုက်ဖျက်သွားမှာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းမပြုကြဖို့ တမူး PDFက သတိပေးလိုက်ပါတယ်။
ဇွန် ၂၃ ရက်ကလည်း တမူး-ကလေး ကားလမ်းပေါ်ကုန်တင်ယာဉ်တွေကို တမူး PDF က စစ်ဆေးခဲ့ရာ ကုန်တင်ကားတစီးမှာ စစ်ကောင်စီထုတ်မြန်မာဘီယာနဲ့ အရက်ပုလင်းတွေ တွေ့ရှိရတာကြောင့် ဖျက်ဆီးခဲ့ပါသေးတယ်။
လတ်တလောမှာ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တမူး PDF တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပါတယ်။