ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်တွေမှာ အလုပ်ရှင်ထွက်ပြေးသွားလို့ နစ်နာဆုံးရှုံးခဲ့တဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေက ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးထံ စာတင်ပြီး အကူအညီတောင်းခံခဲ့ ပါတယ်။
ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးရုံးက စာတင်တာလက်မခံတဲ့အတွက် ၈ မိုင်ရှိ အလုပ်သမားရုံးကို သွားရောက်ခဲ့ပေမယ့် အဆိုပါစာကိုလက်ခံခြင်းမရှိဘူးလို့ Myanmar Royal Apollo အထည်ချုပ်စက်ရုံအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)မှ အစီအစဉ် ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံသား အလုပ်ရှင်ထွက်ပြေးသွားလို့ နစ်နာခဲ့တဲ့ အလုပ်သမားတွေက တရုတ်သံရုံးကို မတ်လ ၁၆ ရက်က အကူညီတောင်းခံစာ သွားရောက်တင်ခဲ့ပေမယ့်လည်း တရုတ်သံရုံးက လက်မခံခဲ့ပါဘူး။
တရုတ်နိုင်ငံသားပိုင် ရွှေပြည်သာ စက်မှုဇုန်(၂)ရှိ Myanmar Royal Appolo အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၅၀ ကျော်၊ လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်ရှိ Suxing အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော်တို့မှာ လုပ်ခလစာမရရှိဘဲ နစ်နာနေတဲ့အတွက် ကူညီ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာကို စာတင်တာဖြစ်ပါတယ်။
12 months Ago