Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကို မဘသ အမှုဖွင့်

July 31, 2017

Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီး

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းကို မနေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တားဆီးပြီး မင်္ဂလာဒုံရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဦးဆွေဝင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ Myanmar now ရုံးကို တာဝန်တွေ လွှဲပြောင်းပေးဖို့ အသွားမှာ အရင်စွဲဆိုထားတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) အမှုနဲ့ပဲ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတာဖြစ်တယ်လို့ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။ ဆရာတော် ဦးဝီရသူနဲ့ပတ်သက်တဲ့ မိန့်ကြားချက်ကို ဦးဆွေဝင်းက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာကို မကျေနပ်တဲ့အတွက် မဘသ အဖွဲ့ဝင်ဖြစ်တဲ့ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခဲ့တာပါ။ ဒါ့အပြင် သူ့ကို မန္တလေး အိုးဘိုထောင်ကို ညတွင်းချင်း လွှဲပြောင်းမှာဖြစ်တယ်လို့ မင်္ဂလာဒုံ ရဲစခန်းက ရဲမှူးဦးမင်းသန့်က ပြောပါတယ်။ ဦးဆွေဝင်းဟာ သတင်းမီဒီယာသမားတယောက်အနေနဲ့ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောဆိုထားသလို လာရောက်အဖမ်းခံမယ်လို့ အကြောင်းကြားပြီးတဲ့နောက်မှာ အဖမ်းခံရတာလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
4 years Ago

March 8, 2017

Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကို မဘသ အမှုဖွင့်

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းကို မဘသ အဖွဲ့ဝင်တဦးက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ မနေ့က မန္တလေး မဟာအောင်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဦးဆွေဝင်းဟာ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အမှုမှန်ပေါ်အောင် စုံစမ်းရေးသားနေသူ ဖြစ်သလို အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူမိန်းကလေး ၂ ဦးကို နှိပ်စက်တာနဲ့ ပတ်သက်လို့ ဖော်ထုတ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို မန္တလေး မဘသ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေက မဟာအောင်မြေ အမှတ် ၇ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတာပါ။ ဦးဆွေဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ၊ ဦးဝီရသူ ပါရာဇိကကျပြီဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားတာဖြစ်တယ်လို့ ဦးဆွေဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။ ရဲတပ်ဖွဲ့က လာရောက်ဆက်သွယ်တာ မရှိသေးဘဲ အဓမ္မဝါဒီတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီး ထွက်ပြေးမှာမဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။
5 years Ago
Up