Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု ရုံးထုတ်စစ်ဆေး

July 2, 2019

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု မြို့နယ်တရားရုံး ပလပ်

ဦးဝီရသူကို ပါရာဇိကကျနေတယ်လို့ ရေးခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံခဲ့ရတဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုကို မန္တလေး၊ မဟာအောင်မြေမြို့နယ်တရားရုံးကနေ ဒီနေ့ ပလပ်လိုက်ပါတယ်။ ဒီကနေ့ သူရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်ပြီး ကိုဆွေဝင်းက “ထူးခြားမှုတော့ မရှိပါဘူး။ တရားရုံးက ဥပဒေအတိုင်း လုပ်ဆောင်သွားတာဖြစ်ပါတယ်။ လက်ရှိ တရားရေးအနေနဲ့ စစ်အစိုးရလက်ထက်ကစာရင် အတိုင်းအတာတခုအထိ သာလွန်လာ တယ်” လို့ ပြောပါတယ်။ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ဦးဝီရသူ ပါရာဇိက ကျနေပြီ ဖြစ်တယ်လို့ မန္တလေးက ဆရာတော်တပါးက ပြောတဲ့စကားကို ကိုးကားရေးပြီး သတင်းကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ကိုဆွေဝင်းရဲ့ ရှေ့နေကတော့ တရားလိုဟာ စွဲဆိုထားတဲ့ပုဒ်မနဲ့ ငြိစွန်းတယ်ဆိုတာကို သက်သေပြဖို့ပျက်ကွက်ခဲ့တာကြောင့် ရုံးတော်က ပယ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ မြို့နယ်တရားရုံးက အမှုကို ပလပ်လိုက်ပေမယ့် ခရိုင်၊ တိုင်းနဲ့ ဗဟိုအထိ အယူခံ ဆက်တက်သွားမယ်လို့ တရားလိုဖြစ်တဲ့ အမျိုးသားရေးလှုပ်ရှားသူ ကိုကျော်မျိုးရွှေက ပြောပါတယ်။ “ဒီအမှုကို မဟာအောင်မြေမြို့နယ်တရားရုံးက ပလပ်လိုက်တာဟာ အနိုင်မဟုတ်သေးဘူး မြို့နယ်ကပယ်ရင် ခရိုင်တက်မယ်။ ခရိုင်ကပယ်ရင် တိုင်းတက်မယ်။ တိုင်းကပယ်ရင် နေပြည်တော်အထိတက်မယ်။ ဥပဒေအတိုင်း အဆင့်သွားမယ်” ဒီအမှုမှာ တရားလိုပြသက်သေ ၁၃ ယောက်ရှိပြီး ၂ ယောက်ကတော့ ဖယ်ရှားခံခဲ့ရသလို နောက်သက်သေတယောက်ဖြစ်တဲ့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ကတော့ သက်သေ အဖြစ်က ပယ်ဖျက်ဖို့ တင်ပြထားခဲ့ပါတယ်။ နောက် သက်သေ ၃ တွေထဲမှာ ဦးဝီရသူက တိမ်းရှောင်နေသလို ရဲအုပ် ကျော်သူကတော့ အဂတိအမှုနဲ့ တရားစွဲခံထားရပါတယ်။ ဦးဝီရသူရဲ့မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ဝင် ဦးကျော်မျိုးရွှေ အနေနဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ ၇ ရက်နေ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) နဲ့အမှတ် (၇) နယ်မြေခံရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ အမှုဖွင့်ပြီးနောက် ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ တရားရုံးက အာမခံပေးထားတဲ့အတွက် ပြင်ပကနေ အမှုရင်ဆိုင်နေခဲ့တာ ၂ နှစ်ကျော်ကြာပြီလည်း ဖြစ်ပါတယ်။
2 years Ago

December 19, 2018

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တရားလိုပြသက်သေ ဒုရဲအုပ်ကိုစစ်ဆေး

ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆ (ဃ)နဲ့ တရားစွဲခံ​နေရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုမှာ တရားလိုပြသက်သေ ဒုရဲအုပ်နိုင်မိုးအေးကို ဒီဇင်ဘာ ၁၈ ရက်က  မန္တလေး မဟာ​အောင်​​မြေမြို့နယ် တရားရုံးမှာ စစ်​​ဆေးပါတယ်​။ ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က “ဒီနေ့က တရားလိုကို အပြီးစစ်တာပါ။ အမှုက ရိုးရိုးလေးပါ။ ဖြစ်စဉ်အမှန်ကလည်း ရိုးရိုးလေးပါပဲ။ ဖြစ်စဉ်အမှန်အပေါ်ပဲ ကျမတို့က စစ်တယ်၊ ရဲကတော့ သူအမှုစစ်အဖြစ်နဲ့ ဆောင်ရွက်ခဲ့စဉ်က အခြေအနေတွေကို ထွက်ဆိုသွားတာပါ” လို့ ပြောပါတယ်​။ တရားလိုပြသက်သေ ဒုရဲအုပ်​နိုင်​မိုး​အေးဟာ အမှုစတင်ဖွင့်တဲ့အချိန်က အမှုစစ်အဖြစ် ပါဝင်ခဲ့သူဖြစ်​ပေမယ့် အမှုစတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းအစကို လုံးဝသိရှိခြင်း မရှိကြောင်း မဟာ​အောင်​​မြေတရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်​။ Myanmar Now အယ်ဒီတာချုပ် ကို​ဆွေဝင်းက “ခုစစ်တဲ့ ရဲက အမှုဖြစ်ရတဲ့ အကြောင်းအရင်း အစဖြစ်တဲ့ ဦးကိုနီ အသတ်ခံရမှုမှာ ဆရာတော် ဦးဝီရသူက သတ်တဲ့ ကြည်လင်းကို ကျေးဇူးတင်ကြောင်း ပြောတယ်ဆိုတာ မသိဘူးတဲ့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အခြေအနေကို သိလိုက်ရတာပါပဲ”လို့ ​ ပြောပါတယ်​။ နောက်တပတ်ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ်ကျန်ရှိနေ​သေးတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော်ဦးဝီရသူ၊  မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်နဲ့အတူ ရပ်ကွက်မှူး ကိုကျော်စွာထွန်းတို့ကို သက်သေလာရောက်ထွက်ဆိုပေးဖို့ တရားရုံးတော်က ဆင့်ခေါ်သွားမှာလည်း ဖြစ်​ပါတယ်​။ ကျန်​ရှိ​နေတဲ့ တရားလိုပြသက်​​သေ ၄ ဦးကို စစ်ဆေးဖို့ လာမယ့် ဇန်​နဝါရီ ၂ ရက်နဲ့ ၃ နေ့တွေမှာ ရုံးချိန်း ပြန်​လည်​ချိန်းဆိုထားပါတယ်​။
3 years Ago
Up