MS-13 ဂိုဏ်းခေါင်းဆောင်

February 14, 2020

သေနတ်သမားများက ဟွန်ဒူးရပ်စ်ရဲ ၃ ဦးအားပစ်သတ်ပြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို ကယ်တင်

ဖေဖော်ဝါရီလ ၁၃ ရက်က  ဟွန်ဒူးရပ်စ်နိုင်ငံမှာ စစ်တပ်နဲ့ ရဲဝတ်စုံဝတ် သေနတ်သမားတွေက ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်ပြီး ပြစ်ဒဏ်ကျခံနေတဲ့ အယ်ပေါ်ကီရာဇဝတ်ဂိုဏ်းခေါင်းဆောင်တဦးကို  ကယ်ထုတ်သွားခဲ့ပါတယ်။  အယ်ပရိုဂရက်ဆိုမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း တခြားရဲတပ်ဖွဲ့ဝင် နှစ်ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။  ပြစ်ဒဏ်ကျခံနေတဲ့ MS-13 ဂိုဏ်းခေါင်းဆောင်တဦးဖြစ်တဲ့ အလက်ဇန္ဒား မန်ဒိုဟာကို တရားရုံးခေါ်လာချိန်မှာ ယူနီဖောင်းဝတ်၊ မျက်နှာဖုံးတပ်ထားတဲ့ သေနတ်သမား အယောက် ၂၀ လောက်က ပစ်ခတ်တိုက်ခိုက်ပြီး မန်ဒိုဟာနဲ့အတူ လွတ်မြောက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ဒေသရုပ်သံမှာ  ပြသခဲ့ပါတယ်။  ဟွန်ဒူးရပ်စ် သမ္မတ ဟာနန်ဒက်ဇ်က မန်ဒိုဟာပြန်မိရေး သတင်းပေးသူကို ဆုငွေ လမ်ပီရက်စ် ၂ သန်း ချီးမြှင့်မယ်လို့ ကမ်းလှမ်းထားပါတယ်။  MS-13 ဂိုဏ်းခေါင်းဆောင် မန်ဒိုဟာကို ၂၀၁၅ ခုနှစ်က ဖမ်းဆီးရမိပြီး တရားမဝင် အဖွဲ့အစည်းနဲ့ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ တရားစွဲကာ ထောင်ဒဏ် အနှစ် ၂၀  ချမှတ်ခဲ့ပါတယ်။
2 years Ago
Up