MPT ဝန်ထမ်း

October 6, 2020

ရန်ကုန်က MPT ဝန်ထမ်း ၅ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရ 

ရန်ကုန်မြို့က ဝန်ထမ်း ၅ ယောက် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံခဲ့ရပြီးနောက် လက်ရှိ အချိန်ထိ ရောဂါကူးစက်ခံရတဲ့ ဝန်ထမ်းစုစုပေါင်း ၂၅ ယောက်ရှိပြီလို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)က အောက်တိုဘာ ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရတဲ့ ဝန်ထမ်း ၅ ယောက်ထဲက ၄ ယောက်ကတော့ မရမ်းကုန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ပြီး ကျန်တယောက်ကတော့ ပန်းဘဲတန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေသူတွေလို့ ဆိုပါတယ်။ ဒါပေမဲ့ အခုစစ်ဆေးတွေ့ရှိခဲ့တဲ့ ဝန်ထမ်း ၅ ယောက်စလုံးဟာ Facility Quarantine ဝင်ထားသူတွေ ဖြစ်တဲ့အတွက် MPT သုံးစွဲသူတွေနဲ့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်း မရှိ ကြောင်းလည်း  ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အရင်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေထဲက ဝန်ထမ်း ၉ ယောက်ကတော့ ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၅ ရက်ည ၈ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၈,၇၈၁  ယောက် ၊ သေဆုံးသူ ၄၄၄  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၅၄၈ ယောက် ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
1 year Ago

September 3, 2020

စမ်းချောင်းမြို့နယ်နေ MPT ဝန်ထမ်း ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိပြီး ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှာ ရုံးထိုင်တဲ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ ကျွန်းတောတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လူနာသစ် ၃ ဦးစလုံးက အမျိုးသားတွေဖြစ်ပြီး ရုံး မသွားရောက်တာ ၂ ပတ်လောက်ရှိပြီး  ပုသိမ်လမ်းထိပ်က ဝင်းထက်ကျော်ဆေးခန်းမှာ သွားရောက်ဆေးခန်းပြနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။  လူနာသစ်  ၃ ဦးစလုံးဟာ ဗဟိုလမ်း၊ မအူပင်လမ်းထိပ်က တိုက်တစ်ခုရဲ့ ၇ လွှာမှာ အတူ နေထိုင်တာဖြစ်ပြီး လက်ရှိသူတို့နေထိုင်တဲ့တိုက်ကို Lockdown ချထားပြီး အဝင်အထွက်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့နဲ့ ထိတွေ့မိသူတွေကိုလည်း သက်ဆိုင်ရာက လိုက်လံစုံစမ်းနေပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ခဲ့တဲ့ လူနာသစ် ၆၃ ဦးထဲမှာလည်း  ရန်ကုန်တိုင်းက ၃၆ ဦးပါဝင်ပါတယ်။   သတင်း - နူးရာ
1 year Ago
Up